News

POST TAGGED AS

ဝက်နားရွက်ပြာရောဂါ

ကြေးနီစီမံကိန်းစွန့်ပစ်မြေအတွက် မြေဝယ်မည်ကို တောင်သူများလက်မခံ
မုံရွာ၊ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မြရိပ်အုပ်စု ရေကြည်ပင်ကျေးရွာ၏ စိုက်ပျိုးမြေများကို ကြေးစင်တောင် ကြေးနီစီမံကိန်း စွန့်ပစ်မြေစာပုံအတွက် မြေဝယ်ယူရန်စီစဉ်နေမှုနှင့်ပတ်သက်ပြီး ဇွန်လ ၂၂ ရက်နေ့၌ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာခဲ့သည်ကို တောင်သူများက ကန့်ကွက်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ကုမ္ပဏီက မြေဝယ်ပြီး စွန့်ပစ်မြေစာပုံမှာဆိုတော့ ယမားချောင်းရေကြီးရင် ရေဖြန့်မစီးတော့ဘဲ ရွာထဲလှိမ့်ဝင်လာရင် သဘာဝဘေးကို ရွာကခံရမှာမို့ တောင်သူတွေတင်မဟုတ်ဘူး။ တစ်ရွာလုံးက သဘောမတူပါဘူး”ဟု အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေက ပြောဆိုသည်။

အဆိုပါ ကျေးရွာသည် မြောက်ယမားချောင်းဘေးတွင်တည်ရှိနေပြီး ယင်းချောင်းဝဲယာတွင် တောင်သူများက ပဲ၊ ကြက်သွန်နှင့် နှမ်းသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းကျေးရွာမှမြေများကိုလည်း ကြေးစင်တောင်စီမံကိန်းအတွက် ဧကရာချီသိမ်းယူပြီး စီမံကိန်းအတွက် အသုံးပြုခဲ့သဖြင့် ယမားချောင်းဘေးမြေများကိုသာ လက်ရှိတွင် စိုက်ပျိုးနေကြသဖြင့် ယခုအခါ ရောင်းလိုသောဆန္ဒမရှိကြောင်း တောင်သူများက ပြောဆိုသည်။ 

ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့ကလည်း ရွှေပန်းခိုင်ရွာကျောင်းတွင် စီမံကိန်းတာဝန်ရှိသူများက မြေဝယ်ယူလိုသည်ဟု ပြောဆိုခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်နေ့၌ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာခဲ့ရာတွင် ဒေသခံများက လက်မခံဘဲကန့်ကွက်ခဲ့သည်။

ယင်းသို့ကွင်းဆင်းတိုင်းတာမှုသည် မြေယာသိမ်းဆည်းရန်အတွက် တိုင်းတာခြင်းမဟုတ်ဘဲ တောင်သူများ၏သဘောထားကို ရယူဆောင်ရွက်မည်သာဖြစ်ကြောင်း ကွင်းဆင်းတိုင်းတာရာတွင် ပါဝင်သူများက ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မြန်မာ-ယန်စီကောပါး လီမိတက်ကုမ္ပဏီမှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ 

R-08




FOLLOW US