News

POST TAGGED AS

လွှတ်တော်

15-Dec-2016

NLD မန္တလေး
အမှန်တကယ် ပြုပြင်ပြောင်းလဲရေး ပါတီဝင်များကိုယ်တိုင် ပြောင်းလဲရမည်ဟု မန္တလေးတိုင်း NLD ဥက္ကဋ္ဌ ပြော
မန္တလေး၊ ဒီဇင်ဘာ ၁၄

ရွေးကောက်ပွဲ ပြီးစီးခဲ့သည်မှာ တစ်နှစ်ကျော်ကြာ ရှိခဲ့ပြီး အစိုးရ သက်တမ်းမှာလည်း ရှစ်လကျော်ခဲ့ပြီ ဖြစ်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အခက်အခဲများ ရှိနေသေးသည့်အတွက် အစိုးရ ဝန်ထမ်းများနှင့် ပါတီဝင်များ ကိုယ်တိုင် ပြောင်းလဲရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ၄၂ လမ်း၊ ၈၃ × ၈၄ လမ်းကြားရှိ လောကနတ်ခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည့် ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့က ပြုစုထားသော မန္တလေးတိုင်းဒေသကြီးလွှတ်တော် မိတ်ဆက်စာအုပ် ဖြန့်ဝေခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အပြောင်းအလဲကို လိုချင်တဲ့  ပြည်သူတွေက ကျွန်တော်တို့ အဖွဲ့ချုပ်ကို တာဝန်ပေးခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ အမှန်တကယ် ပြောင်းလဲနေပြီလား။ ပြောင်းလဲဖို့ အဟန့်အတား ဖြစ်နေတာတွေကို ပြန်ကြည့်ရမယ်။ ဒီမိုကရေစီဆိုတာ တစ်ဦး၊ တစ်ဖွဲ့တည်း ကောင်းစားရေး မဟုတ်ပါဘူး။ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဆောင်လုပ်နေသလိုမျိုး အားလုံးလိုက်ပါ ပြောင်းလဲမှသာ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်နိုင်မှာပါ” ဟု ဦးတင်ထွဋ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် မိတ်ဆက်စာအုပ်တွင် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ ထည့်သွင်းပြုစုထားသည်။

“ဒီစာအုပ်ကို ဖြန့်ချိပေးရတဲ့ အဓိက ရည်ရွယ်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်လိုသူတွေ အတွက်ပါ။ သူတို့တွေအနေနဲ့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဥပဒေပြုရေး အတွက်လည်း ကူညီပေးနိုင်မယ်” ဟု ဒေသဆိုင်ရာ လွှတ်တော်များ  အားပေးကူညီရေးအဖွဲ့ ဒါရိုက်တာ ဦးဇော်ရဲဝင်းက ပြောကြားသည်။

အဆိုပါစာအုပ်ကို အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ NGO ကဲ့သို့သော အဖွဲ့အစည်းများကို အခမဲ့ပေးခြင်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း အုပ်ရေ ၃၅၀၀ အခမဲ့ ဖြန့်ချိပေးမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေး အဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် မိတ်ဆက်စာအုပ်သည် ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့မှ ထုတ်ဝေသည့် တတိယမြောက်စာအုပ် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် မိတ်ဆက်စာအုပ်များ ထုတ်ဝေပေးခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အားလုံး အတွက်လည်း ထုတ်ဝေဖြန့်ချိပေးမည် ဖြစ်ကြောင်း၊ လွှတ်တော် စောင့်ကြည့်ခြင်း၊ မေးခွန်း၊ အဆို၊ ငွေကြေးသုံးစွဲမှု၊ ရလဒ် စစ်တမ်းများကို လည်း ၂၀၁၇ အတွင်း စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ ထပ်မံသိရသည်။              

M-06



FOLLOW US