News

POST TAGGED AS

လွှတ်တော်

30-Jul-2018

ပုသိမ်
ပုသိမ်တွင် ရိုးရာလက်ရက်ကန်းပျောက်ကွယ် လုနီး

ပုသိမ်၊ ဇူလိုင် ၃၀

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ မြန်မာ့ရိုးရာ လက်ရက်ကန်းစင်လုပ်ငန်းများ လုပ်ကိုင်သူ ရှားပါးပြီး ကွယ်ပျောက်လုနီးဖြစ်နေကြောင်း ပုသိမ်မြို့ရှိ ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

ယခင်က ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လက်ရက်ကန်းစင်ဖြင့် ပုဆိုး၊ လုံချည်၊ ဖျင်စ ရက်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်ကာ လက်ရက်ကန်းစင်လုပ်ငန်း လုပ်ကိုင်သူ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ၂၀၁၈ ခုနှစ်သို့အရောက်တွင် လက်ရက်ကန်းစင် အလုပ်ရုံ ၂ ရုံနှင့် ရက်ကန်းစင် ၁၀ စင်ခန့်သာရှိတော့ကြောင်း ၎င်းတို့ထံမှသိရသည်။

“အရင်က ပုသိမ်မြို့က ရပ်ကွက်နဲ့ လမ်းတော်တော်များများမှာ လက်ရက်ကန်းစင်လုပ်ငန်း လုပ်ကြတော့ အလုပ်ရုံ ရာချီရှိခဲ့တယ်။ ရက်ကန်းကွက်သစ် တစ်ခုတည်းမှာတင် အလုပ်ရုံ ၅၀ လောက်ရှိတယ်။ ခုတော့ အဲဒီရပ်ကွက်မှာတောင် တစ်ရုံတည်းရှိတော့တယ်။ နောက်တစ်ရုံက ကရင်အမျိုးသမီးကုန်းမှာ တစ်ရုံရှိတယ်”ဟု ပုသိမ်မြို့ရှိ လက်ရက်ကန်းစင်လုပ်ငန်း ပညာရှင် ဦးမောင်မောင်တင်က ပြောဆိုသည်။

စက်ရက်ကန်းလုပ်ငန်းများ တွင်ကျယ်လာပြီးနောက် ထုတ်လုပ်မှုအားမှာ ၄ ဆအထိ ကွာသွားခြင်း၊ စက်အား ပြုလုပ်ကိုင်ရ၍ လက်မှုပညာသည် လုပ်သားလိုအပ်ချက် လျော့ကျလာခြင်း၊ ချည်ထည် ကုန်ကြမ်းဈေး မြင့်တက်လာခြင်း၊ လုပ်အားခ ဝင်ငွေတည်ငြိမ်မှု မရှိခြင်း၊ ဈေးကွက် ပျောက်လာခြင်း၊ နည်းပညာ လိုအပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ငွေပင်ငွေရင်းလိုအပ်ခြင်းတို့ကြောင့် လက်ရက်ကန်းစင်လုပ်ငန်းများ ပျောက်ကွယ်လုနီးပါး ဖြစ်နေရခြင်းဖြစ်ကြောင်း ရက်ကန်းလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိပုသိမ်တွင် လက်ရက်ကန်းရုံများမှာ လုံချည်နှင့် ဖျင်စများကို ထုတ်လုပ်နိုင်ခြင်း မရှိတော့ဘဲ ကရင်နှင့် ကယား တိုင်းရင်းသားများသာ ဝတ်ဆင်သည့် ရိုးရာလုံချည်၊ ပုဆိုးနှင့် ဖျင်စများကိုသာ ရက်လုပ်နိုင်တော့ကြောင်း အဆိုပါရုံများထံမှ သိရသည်။

R-12



FOLLOW US