News

POST TAGGED AS

လွှတ်တော်

ပြည်နယ်အစိုးရအနေဖြင့် မာန်မာနများလျှော့ချရန် လွှတ်တော်ဥက္ကဋ္ဌ ပြော
စစ်တွေ၊ ဇွန် ၇ 

ရခိုင်ပြည်နယ်အစိုးရအနေနှင့် ကိုယ်စီကိုင်စွဲထားကြသော မာန်မာနများကို ပြည်သူ့ကိုမျက်နှာမူပြီး လျှော့ချရန်လိုအပ်ကြောင်း ဇွန်လ ၇ ရက်က ကျင်းပသည့် လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ကပြောသည်။

“ဘတ်ဂျက်ဆိုတာ ငါတို့ (ပြည်နယ်အစိုးရ) ဆွဲရင်ရတယ်၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့ ဂရုစိုက်စရာမလိုဘူး။ ဥပဒေထဲမှာ လွှတ်တော်ရဲ့ အကြုံပြုချက်တွေကို မလွဲမသွေလက်ခံရမယ်လို့မပါဘူး၊ ဒါကြောင့် ငါတို့ကြိုက်သလိုဆွဲမယ်ဆိုတဲ့ မာနမျိုးကို လျှော့ချဖို့လိုပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြလိုက်သည်။

ရခိုင်ပြည်နယ်၏ ၆ လတာ ဒေသန္တရဆောင်ရွက်မည့် မီနီဘတ်ဂျက်ထဲ၌ မလိုအပ်ဘဲ ဘတ်ဂျက်ငွေများ တောင်းခံထားခြင်း၊ လုပ်ငန်းများထပ်နေခြင်း၊ လွှတ်တော်က ဆောင်ရွက်ရန်မသင့်ကြောင်း အဆိုပြုထားသော လုပ်ငန်းတို့ပါဝင်နေသဖြင့် ပြည်နယ်လွှတ်တော်က ၆ ဘီလီယံကျော် ဖြတ်တောက်ခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ တင်သွင်းသော ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်၌ လုပ်ငန်းများထပ်နေခြင်း၊ ပြည်သူအတွက် အကျိုးမပြုသော စီမံကိန်းများ ပါဝင်လာခြင်း၊ မလိုအပ်ဘဲ ဘတ်ဂျက်ငွေတောင်းခံခြင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍများတွင် သုံးစွဲမည့် ငွေကြေးနည်းပါးပြီး တည်ဆောက်ရေးလုပ်ငန်းတွင် များနေခြင်းအပြင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၏ သုံးစွဲမည့်ဘတ်ဂျက်ငွေများပြားခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး က ပြည်နယ်လွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးအကြံပြုချက်များကို အတည်ပြုကာ ပြည်နယ်အစိုးရထံပေးပို့လိုက်ကြောင်း ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

“အခုလာမယ့် ဘတ်ဂျက်ထဲမှာလည်း အရင်လိုမျိုး ဖြတ်တောက်တာတွေနဲ့ မကြုံတွေ့ရဖို့အတွက် လွှတ်တော်ရော အစိုးရအဖွဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒီလူတွေကို ပြည်သူတွေက ယုံကြည်အားကိုးလို့ ပြည်သူ့ကိုယ်စား ဆောင်ရွက်ဖို့ ရွေးချယ်ပေးလိုက်တဲ့အတွက် ပြည်သူတွေ အားကိုးလောက်တဲ့သူ ဖြစ်ဖို့လိုတယ်။ ပြည်သူတွေကို မျက်နှာမူကြပါ နစ်နာအောင်မလုပ်ကြပါနဲ့” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

R-22



FOLLOW US