News

POST TAGGED AS

လွှတ်တော်

08-Jun-2018

တံတား ဧရာဝတီ
ကြံ့ခိုင်မှုအားနည်းလာ၍ ဧရာဝတီတိုင်းရှိ ကြိုးတံတား ၆ စင်းကို တန်ချိန်သတ်မှတ်ချက်လျှော့ချ


ပုသိမ်၊ ဇွန် ၇

ကြံ့ခိုင်မှုအားနည်းလာ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား ၆ စင်းကို ယခုလ ၁ ရက်နေ့မှစတင်ပြီး တံတားများအပေါ်ဖြတ်သန်းမောင်းနှင်နိုင်မည့် ယာဉ်နှင့် ကုန်ခံနိုင်ဝန်တန်ချိန်အား လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှသိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့က မြောင်းမြမြစ်ကူးကြိုးတံတား ကျိုးပြတ်ကျပြီးနောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများ အပါအဝင် တံတားများအားလုံးကို တံတားအထူးအဖွဲ့များနှင့် ပြည်ပမှ ဂျပန်ပညာရှင်များ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း၊ ယင်းစစ်ဆေးချက်အရ ခံနိုင်ဝန် အဆင့် ၄ သာရှိတော့သဖြင့် ယခုကဲ့သို့ ခံနိုင်ဝန်ကို လျှော့ချသတ်မှတ်ပေးရခြင်းဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ရှင်းပြသည်။

“တံတားတိုင်းမှာ ဖြတ်သန်းမောင်းနှင်နိုင်မယ့် သတ်မှတ်ခံနိုင်ဝန်ကို ရေးထားပါတယ်၊ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီတွေကလည်း စောင့်ကြပ်ဆောင်ရွက်နေပြီး လုံခြုံရေးအစီအစဉ်တွေလည်း ဆောင်ရွက်ပေးထားပါတယ်”ဟု ဝန်ကြီး ဦးဝင်းဌေးက ဆက်လက်ရှင်းပြသည်။

သံမဏိကြိုးတံတားများဖြစ်ကြသည့် ပုသိမ်တံတားကို တန်ချိန် ၃၆ တန်မှ တန် ၂၀၊ လပွတ္တာ ပင်လယ်လေးတံတားကို တန်ချိန် ၂၀ မှ ၁၄ တန်၊ ရွှေလောင်းတံတားကို တန်ချိန် ၂၀ မှ ၁၀ တန်၊ ဝါးခယ်မတံတားကို တန်ချိန် ၂၀ မှ ၁၈ တန်၊ မြင်းကဆိပ် (ပမ္မဝတီတံတား) ကို တန်ချိန် ၂၀ မှ ၁၆ တန်၊ ကျွန်းကုန်းတံတားကို တန်ချိန် ၂၀ မှ ၁၃ တန် အသီးသီး လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ခံနိုင်ဝန် လျှော့ချလိုက်သော တံတားများ၏ အရှည်မှာ ဝါးခယ်မတံတား ၃၀၂၀ ပေ၊ ပုသိမ်တံတား ၂၀၄၀ ပေ၊ ရွှေလောင်းတံတား ၁၉၀၀ ပေ၊ လပွတ္တာပင်လယ်လေးတံတား ၁၃၀၀ ပေ၊ မြင်းကဆိပ် (ပမ္မဝတီတံတား) ပေ ၁၂၆၀၊ ကျွန်းကုန်းတံတား ပေ ၅၀၀ အသီးသီးရှိကြပြီး တံတားအားလုံးသည် မြောင်းမြကြိုးတံတားကဲ့သို့ သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုတံတားအထူးအဖွဲ့မှ သိရသည်။

R-12



FOLLOW US