News

POST TAGGED AS

လွှတ်တော်

ရန်ကုန်စည်ပင်ဥပဒေကို ဖေဖော်ဝါရီတွင် ကျင်းပမည့် တိုင်းလွှတ်တော်တွင် အတည်ပြုမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမူကြမ်းကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုလက်ရှိတွင် စည်ပင်ဥပဒေမူကြမ်းကို အတည်ပြုရန် အဆင့်ဆင့်ဆွေးနွေးလျက်ရှိပြီး ယခုလအတွင်း ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“စည်ပင်ဥပဒေလွှတ်တော်က အတည်ပြုပြီးတာနဲ့ နည်းဥပဒေထွက်လာပြီး ရွေးကောက်ပွဲကိုလုပ်မယ်။ ဒီလွှတ်တော်မှာ ပြီးပြတ်အောင်ဆွေးနွေးပြီး ရွေးကောက်ပွဲမှာ ဘယ်နှယောက်ရွေးမယ်ဆိုတဲ့ အစီအစဉ်ကို ချရမယ်။ ပြီးတာနဲ့ အမည်စာရင်းတင်သွင်းတာတို့၊ ရွေးကောက်ပွဲစည်းရုံးတာတို့ ခွင့်ပြုပြီး ရွေးကောက်ပွဲကိုလုပ်မယ်”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ်ပြည့်သည့် အိမ်ထောင်ဦးစီးသာ မဲပေးခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခင် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကော်မတီဝင် ၄ ဦး၊ ခရိုင် ၄ ခရိုင်မှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့သည် ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့ပြီး ယခုလက်ရှိတွင် အဆိုပါကိုယ်စားလှယ်များ လှစ်ဟနေသည်မှာ တစ်နှစ်နှင့် ရှစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

မန္တလေးတိုင်းတွင် စည်ပင်ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နှင့် ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အချိန်ကြန့်ကြာနေသောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်းငါးထောင်ခန့် သုံးစွဲကျင်းပခဲ့သော်လည်း အဆိုပါရွေးကောက်ပွဲကို ရန်ကုန်မြို့နေ ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

J-10



FOLLOW US