News

POST TAGGED AS

လွှတ်တော်

26-Dec-2017

ဧရာဝတီ
အရက်မူးလာသည့် ခင်ပွန်းနှင့် အချင်းများရာမှ ဇနီးက ကတ်ကြေးဖြင့် ထိုးသတ်
ပုသိမ်၊ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကံချောင်ကျေးရွာအုပ်စု ကံကွင်းရွာတွင် အရက်မူး အိမ်ပြန်လာသည့် ခင်ပွန်းဖြစ်သူနှင့် အချင်းများရာက ဇနီးဖြစ်သူက ကတ်ကြေးဖြင့် ထိုးသတ်သည့်အမှု ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

အရက်မူးလာသည့် ခင်ပွန်းကို ကတ်ကြေးဖြင့်ထိုးသတ်သူမှာ အသက် ၂၃ နှစ်အရွယ် မသဲသဲဆိုသူဖြစ်ပြီး ၎င်းထံမှ ငွေ ၅၀၀၀ ကျပ်တောင်းကာ အရက်သောက်ပြီး အိမ်ပြန်လာသည့် ခင်ပွန်းဖြစ်သူ ကိုလင်းအောင် (၂၅ နှစ်) နှင့် စကားများကာ လုံးထွေးသတ်ပုတ်ရာမှ မသဲသဲက အနီးရှိ ကတ်ကြေးဖြင့်ထိုးခဲ့ရာ ကိုလင်းအောင်တွင် ရင်ဘတ်ထိုးသွင်းဒါဏ်ရာ ၂ ချက်၊ လည်ပင်း ထိုးသွင်းဒါဏ်ရာ ၂ ချက်ရရှိပြီး ထွက်ပြေးသော်လည်း အနီးရှိလယ်ကွင်း၌ လဲကျသေဆုံးခဲ့ကြောင်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

လင်မယားနှစ်ဦး အချင်းများစဉ် ခင်ပွန်းဖြစ်သူက ထိုးကြိတ်ကန်ကျောက်ခြင်းခံရ၍ မသဲသဲတွင် ညာဘက် မျက်ကွင်း ဖူးရောင်ညိုမဲ ဒဏ်ရာ နဖူး ဖူးရောင်ဒါဏ်ရာ၊ လည်ပင်း၊ တင်ပါးနှင့် ပေါင်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့စစ်ဆေးချက်တွင် ဖော်ပြထားသည်။

သေဆုံးသူ ကိုလင်းအောင်၏ မိခင်ဖြစ်သူ ဒေါ်အေးပုက တိုင်ကြားသဖြင့် မြောင်းမြမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး မသဲသဲကိုဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-12



FOLLOW US