News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

အရှုံးပေါ် မြို့တော်ဂေါက်ကွင်း ပြုပြင်ရန် ကျပ်သန်း ၅၅၀ တောင်းခံမှု လူတစ်စုအတွက် ဖြစ်နေဟုဆို
ရန်ကုန်၊ မတ် ၂၄

နှစ်စဉ်အရှုံးပေါ်နေသည့် ရန်ကုန်မြို့တော် ဂေါက်ကွင်းကို ပြန်လည်ပြုပြင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဒေသန္တရ ဥပဒေကြမ်းတွင် ကျပ်သန်း ၅၅၀ တောင်းခံထားသည်မှာ လူတစ်စုအတွက် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

မတ်လ ၂၃ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြို့တော်ဂေါက်ကွင်း ပြုပြင်ရန်အတွက် ကျပ်သန်း ၅၅၀ တောင်းခံမှုမှာ မဖြစ်သင့်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း မတ်လ ၂၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ 

ရန်ကုန်မြို့တော် ဂေါက်ကွင်းသည် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၂၅ သန်းကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သန်း ၂၀၀ ကျော် အသုံးပြု၍ ပြင်ဆင်ခဲ့သော်လည်း တစ်နှစ်လျှင် ၀င်ငွေ ကျပ်သန်း ၆၀ ကျော်သာ ရရှိခဲ့ကြောင်း ဦးကျော်ဇေယျက ဆိုသည်။ 

ထို့ကြောင့် တစ်နှစ်လျှင် ကျပ်သန်း ၁၄၀ ခန့် နှစ်စဉ်ဆုံးရှုံးလျက် ရှိကြောင်း ဦးကျော်ဇေယျ၏ လွှတ်တော်သို့ တင်ပြသည့် စာရင်းများအရ သိရသည်။ 

မြို့တော်ဂေါက်ကွင်းကို  မပြုပြင်ပါက ကွင်းအဆင့်အတန်း နိမ့်ကျပြီး လာရောက်ကစားသူ အရေအတွက် လျော့ကျသွားမည် ဖြစ်သောကြောင့် မဖြစ်မနေ ပြုပြင်သင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ပြန်လည်ရှင်းလင်းသည်။

ကျပ်သန်း ၅၅၀ လိုအပ်ရခြင်းမှာ ဂေါက်ကွင်းအတွင်း မြစ်သဲကြမ်းများ လိုအပ်လျက်ရှိခြင်း၊ ရေ၀ပ်ဧရိယာများကို မြက်ခင်းရန် ရှိခြင်း၊ အဆောက်အအုံများတွင် လျှပ်စစ်မီးတိုင်များ ပြုပြင်ရန်ရှိခြင်း၊ မြက်ပျိုးခင်း လုပ်သားများအတွက် ခြောက်ခန်းတွဲ ၁၂ လုံး လုပ်သားတန်းလျားများ တည်ဆောက်ရန်ရှိခြင်း၊ ရေသန့်လိုအပ်ချက်နှင့် ဂေါက်ကွင်းပြုပြင်ထိန်းသိမ်းရန်တို့အတွက် ဖြစ်ကြောင်း မြို့တော်စည်ပင်၏ ရှင်းလင်းချက်အရ သိရသည်။ 

ပြည်တွင်းပြည်ပ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အသင်းအဖွဲ့များ ဂေါက်သီးရိုက်ပြိုင်ပွဲများ ပြုလုပ်ပါက အဆင်ပြေစွာ ဆောင်ရွက်ပေးရန်ဟူသည့် အချက်အပါအ၀င် မြို့တော်ဂေါက်ကွင်း၏ လုပ်ငန်းတာဝန် ၁၀ ချက်ကို ရန်ုကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးထားသည်။ 
“ဂေါက်သီးကစားတယ် ဆိုတာကတော့ ငွေကြေးတတ်နိုင်တဲ့ လူနည်းစု အားကစားပါ။ ဒီလူတစ်စုအတွက် ကျွန်တော်တို့ ဒီလောက်ပြင်နေရတယ်။ ကြားဖူးသလောက် ပြောရရင်  မြို့တော်ဂေါက်ကွင်းမှာဆို ငွေကြေးတတ်နိုင်သူတွေက ညဘက်မီးထွန်းပြီးတောင် ဂေါက်ရိုက်နေကြတယ်လို့ ကြားသိရပါတယ်” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။ 

ထို့ပြင် အဆိုပါ ဂေါက်ကွင်းမှ နှစ်စဉ်ဝင်ငွေ ကျပ်သန်း ၆၀ သာ ရရှိနေခြင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက သေချာစစ်ဆေးသင့်ကြောင်း ၎င်းက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကို မတ်လ ၂၀ တွင် ပြန်လည်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဆွေးနွေးလျက်ရှိရာ ရန်ကုန်ဘတ်ဂျက်၏ ၆၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီက တောင်းခံထားကြောင်း လွှတ်တော်တွင်း ဆွေးနွေးမှုများအရ သိရသည်။ 



FOLLOW US