News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လက်သီးထိုးမှု အမတ်နှင့် အရပ်သား ကျေအေး
ကလေး၊ မတ် ၆

ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က တောင်းပန်သည့်အတွက် ကလေးဝမြို့နယ် ချင်းတွင်းမြစ် ဇက်ဆိပ်တွင် ဖြစ်ပွားခဲ့သည် အမတ်က လက်သီးဖြင့် ထိုးသည်ဟု ဆိုသော ပြဿနာမှာ  ကျေအေးလိုက်ပြီ ဖြစ်ကြောင်း ကာယကံရှင် ဦးအောင်ကျော်စိုးက ပြောသည်။

မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ  မိနစ် ၃၀ ခန့်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် ကလေးမြို့နေ ဦးအောင်ကျော်စိုးတို့သည် ကလေးဝမြို့ ချင်းတွင်းမြစ် ကလေးဝဘက်ခြမ်း ဇက်ဆိပ်ကမ်းတွင် ဇက်ပေါ်သို့ ကားတင်ရန် လမ်းရှင်းရာမှ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်သည်အထိ ဖြစ်ပွားခဲ့သည်။

ယင်းသို့ ဖြစ်ပွားခဲ့ပြီး မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ဦးအောင်ကျော်စိုး၏ဖုန်းသို့ ဆက်သွယ်ပြီး တောင်းပန်ခဲ့ခြင်းဖြစ်သည့် အတွက် ကျေအေးပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“ဦးကိုကိုနိုင်လို့ပြောပြီး သူကိုယ်တိုင် ဖုန်းဆက်ခဲ့တာပါ၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပေါ့ တောင်းပန်ရင်တော့ အကြီးနဲ့အငယ် ကျေနပ်ရမှာပေါ့လို့ ကျွန်တော်လည်း  ပြောပြလိုက်ပါတယ်၊ အမှုဖွင့်မယ့်ကိစ္စကိုလည်း မလုပ်တော့ပါဘူး” ဟု ဦးအောင်ကျော်စိုးက ပြောကြားသည်။

ကလေးဝမြို့ ချင်းတွင်းမြစ်ကမ်း တစ်ဖက်သို့ ကူးရန်အတွက် ကားများကို ဇက်ပေါ်သို့ တင်ရာတွင် ကားများ များပြားသည့်အတွက် ကမ်းတွင်ကပ်ထားသော ကားများ ဇက်နှင့်အတူ လိုက်ပါနိုင်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ကားများကို ရှင်းပေးနေစဉ် ကားထဲမှ ထွက်လာသည့် လူ၏အရှိန် မိမိက ဟန့်တားခဲ့သည့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲနှင့် ထပ်ရက်လဲကျခဲ့စဉ် မိမိက အောက်မှ ဖြစ်သည့်အတွက် လက်ပြင်နှင့် ကုပ်တို့တွင် နာကျင်ခဲ့ကြောင်း ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က  ပြောဆိုသည်။

“အခုက နှစ်ဦးနှစ်ဖက် ကျေလည်ပြီး အားလုံး အဆင်ပြေသွားပါပြီ။ နှစ်ဦးနှစ်ဖက် တောင်းပန်ပြီး အားလုံး အဆင်ပြေသွားပါပြီ၊ နောက်ထပ် ပြဿနာ ဘာမှမရှိတော့ပါဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ဆိုသည်။    



FOLLOW US