News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ဦးကိုနီနှင့် ဦးနေ၀င်းတို့နှစ်ဦး နာရေးအတွက် စစ်ကိုင်းတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်များ တစ်နေ့တာ အသုံးစရိတ်လှူ

ကလေး၊ ဇန်န၀ါရီ ၃၁

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီနှင့် ဦးနေ၀င်းတို့ နှစ်ဦး၏ နာရေးကူညီရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက တစ်နေ့တာ အသုံးစရိတ်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။

ဇန်န၀ါရီ ၃၀ ရက် ညနေ ၄ နာရီခွဲက ကျင်းပခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာ အသုံးစရိတ်ထဲမှ တစ်ဦးလျှင် ငွေကျပ် တစ်သောင်း လှူဒါန်းခြင်းဖြစ်သည်။

ယနေ့ (ဇန်န၀ါရီ ၃၁ ရက်)တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင်လည်း ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်များကို တပ်ဆင်ကျင်းပခဲ့ကြပြီး ယင်းသို့ တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၆ ရက်အထိ ပြုလုပ်သွားမည်ဟု ဦးသန်းက ဆိုသည်။

“သေဆုံးသူတွေရဲ့ နာရေးအတွက် ဖွင့်ထားတဲ့ ဘဏ်အကောင့်ကတစ်ဆင့် လှူဒါန်းသွားမှာပါ။ ဒီလို လုပ်ကြံခဲ့ရပြီး သေဆုံးခဲ့တဲ့အပေါ်ကိုလည်း လွန်စွာ ၀မ်းနည်းမိပါတယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တိုင်းရဲ့ ရင်ဘတ်မှာ ဖဲကြိုးအနက်တွေ တပ်ဆင်ပြီး လွှတ်တော်ကို ကျင်းပခဲ့ပါတယ်”ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။

သေဆုံးခဲ့သူများအတွက် ယခုကဲ့သို့ လှူဒါန်းပေးခြင်းသည် ကောင်းမွန်သည့်လုပ်ရပ် တစ်ခုဖြစ်ကြောင်း မိမိတို့အနေဖြင့်လည်း ပါဝင်လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးနေသည့်ပါတီ တစ်ခု၏ ဥပဒေအကြံပေး လုပ်ကြံခံရခြင်းသည် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဟုမြင်မိကြောင်း ကြံ့ခိုင်ရေးပါတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းက ပြောသည်။

R - 20



FOLLOW US