News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အသက်ဝင်ရန် ကြိုးပမ်းမည်ဟု ကြံ့ခိုင်ရေး ကိုယ်စားလှယ်ပြော
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်မပြုခဲ့သော လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည်အသက်ဝင် အတည်ပြုနိုင်ရန် လာမည့်လွှတ်တော်တွင် ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

“ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ လွှတ်တော်တွေတုန်းက ဒါကိုဆွေးတော့ ဆွေးနွေးတယ်။ ဆုံးဖြတ်ချက် ချဖို့ကျတော့ ဆိုင်းငံ့လိုက်တာပေါ့လေ။ ဒီမိုကရေစီ နည်းလမ်းအရတော့ ရွေးကောက်တင်မြှောက်ခွင့်က လူထုမှာ ရှိပြီးပြီ။ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုရင် ပြည်သူက ပြန်ပြီး ဖြုတ်ချနိုင်တဲ့ သဘောပေါ့။ အဲဒီအပိုင်းလေး ကျန်နေလို့ ကျွန်တော် မေးမြန်းထားတယ်။ ဒါက ပြည်သူလူထု ရပိုင်ခွင့်ပဲလေ” ဟု ၎င်းက ဆိုသည်။

ဦးသောင်းအေးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ရွေးချယ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးရန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ မသင့်ကြောင်း ထောက်ခံမဲ များခဲ့သည့်အတွက် ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။

ထိုဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသဖြင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးသည့် သဘော သက်ရောက်နေကြောင်း ဦးသောင်းအေးက ထပ်မံပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (က) တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်းနှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ပါက လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်ဟု ပါရှိပြီး ပုဒ်မ ၃၉၇တွင် “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “လာမယ့်လွှတ်တော်မှာ တင်မယ်ဆိုရင် ဥပဒေကြောင်းအရ တိုင်းပြည်အတွက် အကျိုးရှိရမယ် ခိုင်ခိုင်မာမာ ရှိနေဖို့ လိုတယ်။ လက်ခံနိုင်အောင် တင်ပြထားတဲ့ဟာ ဆိုရင်တော့ ဝိုင်းဝန်းဆွေးနွေးကြမှာပေါ။့ လွှတ်တော် ဆုံးဖြတ်ချက်ပါ” ဟု ဆိုသည်။

ယင်းဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရွှေဖူးခင်၊ ခင်မြတ်မြတ်ဝေ



FOLLOW US