News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းခံလိုက်ရသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီဝင် ဦးကိုကိုနိုင်နှင့် တွေ့ဆုံခြင်း
သူရဦးရွှေမန်း၏ ယုံကြည်အားထားရသော ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှာ NLD ကိုယ်စားလှယ်နှစ်ဦး၏ ကန့်ကွက်ခံရမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည်။ ယင်းသို့ ရပ်ဆိုင်းခံရမှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီဝင် ဦးကိုကိုနိုင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ဒီနေ့ UEC က ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုသဘောထား ရှိလဲဗျ။

UKKN : ဘယ်လိုမှ မရှိပါဘူး။

Voice : ခုဆိုရင် NLD ကိုယ်စားလှယ်က အနိုင်ရရှိသွားပြီ။ ဆရာ့အနေနဲ့ လွှတ်တော်က အထူးကော်မရှင်မှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားတယ်။ ခုဆိုရင် အစိုးရသစ်ရဲ့ လွှတ်တော် တတိယအကြိမ်အထိ ဖြစ်လာတဲ့အထိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေ လုပ်ခဲ့ပြီးတော့မှ ခုလို နုတ်ထွက်လိုက်ရပြီ ဆိုတော့ ဘယ်လိုစိတ်မျိုး သဘောထားမျိုး ခံစားရလဲ ခင်ဗျ။

UKKN : ဘာမှတော့ စိတ်ထဲမပြောင်းလဲပါဘူး။ ဒီ (အထူးကော်မရှင်) မှာ လုပ်ရင်းနဲ့ပဲ ကျွန်တော့်မြို့နယ်က ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်ကိုယ်စားလှယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လုပ်ဆောင်ပေးလို့ ရတာပဲ။ ကျွန်တော့် သဘောထားကတော့ ကိုယ်က ဘယ်နေရကပဲ နေရနေရ။ ကျရာကဏ္ဍ ကျရာတာဝန်ကို ယူမှာပါ။

Voice : UEC က ဆုံးဖြတ်ချက်အပေါ်မှာ ဆရာ့အနေနဲ့ Complain ပြန်မတက်ဘူးဆိုတာ ဘာအကြောင်းကြောင့်လဲ။

UKKN : UEC က ဥပဒေအရ ဆုံးဖြတ်တဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ ဘာမှပြန်မပြောလိုပါဘူး။ ကိုယ့်အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဥပဒေအရ ဆုံးဖြတ်တဲ့အတွက် လက်ခံရမှာပေါ့။ Complain လုပ်စရာ မရှိပါဘူး။

Voice : ပထမ ဒီအမှုကို ရင်ဆိုင်နေချိန်မှာ အဆင့်ဆင့် စစ်ဆေးချက်အဖြေမှာ ဆရာနိုင်ခဲ့တယ်။ ခုကျမှ နုတ်ထွက်ဖို့ ကော်မရှင် ဆုံးဖြတ်လိုက်တာကိုရော ဘယ်လိုမြင်လဲဗျ။

UKKN : ဟုတ်ပါတယ်။ ဒါကတော့ သူတို့ရဲ့အမြင် သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာပေါ့။ မှန်ခြင်းမှားခြင်း ဆိုတာထက် ဥပဒေအရ ဆုံးဖြတ်တာကို  ခံယူတာပါပဲ။

Voice : ခု ပါတီ (ကြံ့ခိုင်ရေး) ကရော ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာ့ဆီ ဘယ်လိုပြောဆိုထားတာ ရှိလဲ။

UKKN : မရှိပါဘူး။ ကျွန်တော်တို့က အလုပ်လုပ်တဲ့ နေရာမှာ ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းပြီး နိုင်ငံတော်အကျိုး၊ အမျိုးသား အကျိုးစီးပွားကို ဦးတည်ထားတာ ဆိုတော့လေ။ ရပ်ရွာဒေသ အကျိုး၊ ပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်တဲ့ဘက်က လုပ်မှာပါ။

Voice : ဆရာက အထူးကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွဲဖက်ပြီး ဒုဥက္ကဋ္ဌ တာဝန်ကို ယူထားတယ်။ ပြီးတော့ ပြောရရင် သူရဦးရွှေမန်းရဲ့လူပေါ့။ အဲဒီတော့ ဒီလိုဖြစ်လာတဲ့အခါ သူရဦးရွှေမန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့လည်း အဆင်ပြေပြီး ဖြစ်နေတာမို့  ခုကိုယ်စားလှယ်ထက် ကောင်းတဲ့ ရာထူးတစ်နေရာ ရမယ်လို့ရော မျှော်လင့်ထားတာရှိလား၊ ရှိမယ်လို့ရော ထင်လားဗျ။

UKKN : အဲဒါတော့ ကျွန်တော်သိနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါတွေက သက်ဆိုင်တဲ့သူတွေပဲ သိမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ မသိနိုင်သေးပါဘူး။

Voice : ဒီကိစ္စဖြစ်လာတော့ အထူးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဘာများမှတ်ချက်ပြုထားတာရှိလဲ ခင်ဗျ။

UKKN : မရှိပါဘူး။ ဥပဒေအရ ဆုံးဖြတ်ရင် ဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် လက်ခံဖို့ပဲ ပြောပါတယ်။ ကျွန်တော်လည်း ဒီသဘောပါပဲ။

Voice : ဆရာ  လူမှုကွန်ရက်မှာ ရေးထားတာက အရှုံးကို လက်ခံမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတော့ ဒီ UEC ရဲ့ဆုံးဖြတ်ချက်ဟာ ဆရာ့အတွက် အရှုံးဖြစ်မယ်လို့ ကြိုသိနေတာလားဗျ။

UKKN : အဲလိုတော့ မသိပါဘူး။ သတင်းတွေ အမျိုးမျိုး ပြောနေကြတာပေါ့။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုပြီး။ ပြောနေတဲ့အထဲမှာ ကျွန်တော် ရှုံးမယ်ဆိုတဲ့ သတင်းက ပိုများလို့ ကျွန်တော်က ရေးတာပါ။

Voice : လွှတ်တော်ထဲက ဆရာ့ထိုင်ခုံမှာပဲ ဆိုပါတော့ NLD က လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်ပြီး ရောက်လာတော့မယ်။ ဘာပြောပြော လွှတ်တော်အတွင်းမှာ NLD ဟာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တစ်မဲတိုးသွားမယ် ဆိုတော့ ကြံ့ခိုင်ရေးပါတီဝင် အနေနဲ့ ဆရာ ဘယ်လိုသဘောထား ရှိလဲ။

UKKN : ပါတီအပေါ်မှာတော့ ဘာမှသဘောထား မရှိပါဘူး။ သို့သော် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် တိုးလာတယ်။ ကျွန်တော်က ကော်မရှင် အတွက်ပါ တွဲလုပ်နေရတာ ဆိုတော့။ ကျွန်တော့် မြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် တိုးလာတဲ့အတွက် သူကလည်း မြို့နယ်အကျိုးကို သူလုပ်မယ်။ ကျွန်တော်ကလည်း ကော်မရှင်မှာ နေပြီးတော့မှ မြို့နယ်အကျိုးအတွက် လုပ်မယ်။  အဲဒီတော့ မြို့နယ်အကျိုး လုပ်မယ့်သူ တစ်ယောက်ပို တိုးလာတော့ ပိုကောင်းတာပေါ့။

Voice : အဲဒါဆို အနိုင်ရသွားတဲ့ NLD ကိုယ်စားလှယ်နဲ့ရော ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဘယ်လိုရှိလဲဗျ။

UKKN : ပုဂ္ဂိုလ်ရေး ဆက်ဆံမှု အရတော့ ဟို . . . သာမန်နှုတ်ဆက်ရုံပဲ ရှိပါတယ်။ ရင်းနှီးမှု မရှိပါဘူး။ သူ့ကိုလည်း ကျွန်တော် ဆန္ဒပြုလိုက်ပါတယ်။ မြို့နယ်အကျိုး၊ ပြည်သူ့အကျိုးကို ပိုပြီးတော့ အကောင်းဆုံး လုပ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။         

အောင်ထက်
သူရဦးရွှေမန်း အားထားရသူတစ်ဦး အပါအဝင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦး လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်း >>



FOLLOW US