News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လှိုင်လွှတ်တော်အမတ် တိုက်ခန်း နေ့ခင်းကြောင်တောင် သူခိုးဝင်
ရန်ကုန်၊ အောက်တိုဘာ ၂၄ 

လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ မြနန္ဒာ ၃ လမ်းရှိ မြေညီတိုက်ခန်းတစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တိုက်ခန်းထဲ ဓားကိုင်ဆောင်ထားသည့် သူခိုးတစ်ဦး ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

နေအိမ်တိုက်ခန်းထဲ ဝင်ရောက်လာသည့် ဓားကိုင်ဆောင်ထားသော အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးမှာ အိပ်ခန်းအတွင်းရှိ လက်ကိုင်ဖုန်း တစ်လုံးကို ခိုးယူနေစဉ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ အသက် ၈၂ နှစ် ဖခင်က မြင်တွေ့ခဲ့ပြီး ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့ကြောင်း ဦးကျော်ကျော်ထွန်းက ရှင်းပြသည်။ 

“ကျွန်တော်က အခင်းဖြစ်ချိန်မှာ ၂ ရပ်ကွက်ထဲမှာ ရှိတဲ့ လမ်းတွေခင်းဖို့ ဆောင်ရွက်နေတာကြောင့် အိမ်မှာမရှိခဲ့ဘူး၊ အိမ်မှာက အဖေနဲ့ သားအငယ်ပဲ ရှိနေချိန် အိပ်ပျော်နေတဲ့ သားရဲ့ဘေးက လက်ကိုင်ဖုန်းကို သူခိုးက ဝင်ခိုးတာ၊ အဖေက သူ့ကိုတွေ့ပြီး ဖမ်းဆီးချိန် သူခိုးက ရုန်းကန်ပြီး ထွက်ပြေးသွားတာ၊ အခုထိတော့ မမိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

နေအိမ်တိုက်ခန်းထဲ ဝင်ရောက်ခဲ့သူမှာ လက်တွင် တစ်ထွာခန့်ရှိ ဓားကိုင်ဆောင်ထားပြီး သားရေအိတ်တစ်လုံး လွယ်ထားကာ အသားဖြူဖြူ၊ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် ရင်ဘတ်တွင် ဆေးမင်ကြောင် ထိုးထားသူဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တိုက်ခန်း အနီးရှိ အုတ်ကျင်းဘူတာမှ သီရိမြိုင် ဘူတာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“နေ့ခင်းကြောင်တောင် ဓားကိုင်ပြီး သူခိုးက အိမ်ထဲဝင်လာတာ၊ အတင့်ရဲလွန်းတယ်၊ အိမ်မှာရှိတဲ့ အသက်အရွယ်ကြီးသူတွေကို သူက ဘာမှလုပ်မသွားတာပဲ တော်သေးတာပေါ့။ ခိုးဆိုးလုနှိုက်တွေ ရန်ကုန်မှာ ထိန်းမနိုင်အောင် ဖြစ်နေတာ တရားဥပဒေစိုးမိုးရေး လျော့နည်းနေလို့ပါ၊ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်မှ ဖြစ်မယ်ဆိုတာလည်း လွှတ်တော်မှာ ကျွန်တော်တို့ တင်ပြထားပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။ 

အစိုးရသစ် လက်ထက်တွင် စမ်းချောင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကို အမည်မသိ အမျိုးသားတစ်ဦးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ယင်းနေအိမ်ရှိ အဘွားအိုကို ဓားဖြင့်ထိုးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။



FOLLOW US