News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့ကို NLD ပါတီ တာဝန်မှ ရပ်ဆိုင်း
ရန်ကုန်၊ စက်တင်ဘာ ၁

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတွင်း တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှ သိရသည်။

ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဒဂုံမြို့နယ် အလုပ်အမှု ဆောင်အဖွဲ့ဝင်များဖြစ်ပြီး ယင်းတာဝန်များမှ ရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သော်လည်း ပါတီဝင်အဖြစ် ဆက်ရှိနေသေးကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော်ရယ် ဒေါ်သက်သက်ခိုင်ရယ်ကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်တဲ့စာ ရတယ်ပေါ့။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းသည်ဟုသာ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ပါတီမှထုတ်ပယ်ခြင်း မဟုတ်ဟုလည်း ပြောကြားခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ပြောဆိုသည်။

“ပါတီတာဝန်က ရပ်ဆိုင်းတယ်လို့ ပြောတယ်။ ပါတီက ထုတ်တာလားဆိုတော့ မဟုတ်ဘူးတဲ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည် အစိုးရအပေါ် ဝေဖန်ထောက်ပြမှုများ သတင်းမီဒီယာ စာမျက်နှာများတွင် ပြုလုပ်မှု၊ ပြုလုပ်ခြင်းကြောင့် ထင်ရှားသည့် ကိုယ်စားလှယ်များလည်းဖြစ်သည်။

ဒေါ်သက်သက်ခိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်လာဈေးကယက်နှင့် စီးပွားရေး မူဝါဒများနှင့် ပတ်သက်၍ အစိုးရကို ဝေဖန်ထောက်ပြမှုအချို့ သတင်းမီဒီယာစာမျက်နှာပေါ်မှ ပြုလုပ်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိခဲ့ပေ။

ဩဂုတ်လ ၂၅ ရက်တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီစည်းကမ်းနှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဩဂုတ်လ ၂၆ ရက်က ပြောကြားခဲ့သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့်လျော်ညီသည့်နေထိုင်မှု မရှိခြင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ပြေပြစ်မှုမရှိခြင်း အပါအဝင် ပါတီ၏အလုပ်အမှုဆောင် အဖွဲ့များနှင့် ဆက်ဆံမှု၌ ကိုယ်စားလှယ်များ လိုက်နာရန် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်း စသောအချက် အလက်များဖြင့် ငြိစွန်းခဲ့ခြင်းကြောင့် ပါတီစည်းကမ်းအရ အရေးယူခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ရှင်းပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့် လွှတ်တော်ကိုယ်စားလှယ် ၉၀၀ ခန့်ရှိသည့်အနက် ကိုယ်စားလှယ် ၃၀၀ ကျော် တိုင်ကြားခံထားရကြောင်း ၎င်းက ဇွန်လတွင် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးအပြင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဝင်းကိုလည်း ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာချက်တစ်စောင် ဩဂုတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။

J-08




FOLLOW US