News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ချင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနေရာ ပြန်ခန့်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ သဘောထားကွဲ
ကလေး၊ မေ ၂၃

ချင်းပြည်နယ်အစိုးရအဖွဲ့မှ နုတ်ထွက်သွားပြီး လစ်လပ်နေသည့် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာနဝန်ကြီးနေရာတွင် ဝန်ကြီးတစ်ပါး အစားထိုးပြန်လည်ခန့်အပ်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 

မေလ ၂၄ ရက်နေ့တွင် စတင်ကျင်းပမည့် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လစ်လပ်သွားသည့် ဝန်ကြီးနေရာ၌ အစားထိုးခန့်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်ဝင်းအတွင်းရှိရုံးတွင် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းသို့ ပြုလုပ်ရာတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့က လစ်လပ်သွားသည့် ဝန်ကြီးနေရာတွင် ပလက်ဝမြို့သား လက်ရှိအချိန်တွင် အမျိုးသားလွှတ်တော်ရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစိုးထက်ကို ခန့်ထားရေး ပြောဆိုခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒ ရယူထားမှု မရှိခြင်း၊ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းကလည်း ကြိုတင်ချပြဆွေးနွေးသဘောတူညီချက် မယူဘဲဆောင်ရွက်နေသည့်အတွက် သဘောထား ကွဲလွဲရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

“ညှိနှိုင်းတယ်ဆိုတာထက် သူတို့က ဒါပဲ ဟိုကနေပါဝါပေးပြီးတော့ ဒါပဲပိုကောင်းတယ်။ ပညာရှင် ဘာညာဆိုပြီး ပြောပြီးတော့ ဒါပဲတင်လို့ သွင်းလာမယ် ထင်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ NLD ထဲကလည်း အကျေအလည်ဆွေးနွေးပြီးပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်းပဲ သဘောထားတွေကို ချပြတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ထဲကပဲဖြစ်ရင် ပိုကောင်းတယ်ဆိုပြီး အားလုံးက သဘောတူတာပေါ့”ဟု ကန်ပက်လက်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားက ပြောဆိုသည်။ 

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ သဘောမတူသည့်သူကို ခန့်ထားရေး လွှတ်တော်အတွင်း တင်သွင်းလာပါက လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ သဘောတူထားသည်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နေရာလေးနေရာလုံး၌ အနိုင်ရရှိခဲ့သည့် ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနက်မှ တစ်ဦးဦးကိုသာ ခန့်ထားနိုင်ရေး သဘောတူထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွန်းဇံမြို့ မဲဆန္ဒနယ်၊ အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန်က ပြောကြားသည်။ 

R-20



FOLLOW US