News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ဒေါက်တာအေးမောင်တို့ကို ပုဒ်မ ၃ ခုခွဲ၍ တရားစွဲခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်ဟု အကျိုးဆောင်ရှေ့နေဆို


စစ်တွေ၊ မတ် ၁၉ 

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ပုဒ်မ သုံးခုခွဲ၍ တရားစွဲဆိုမှုမှာ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများက ပြောကြားသည်။ 

မတ်လ ၁၉ ရက်က ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ၆ ကြိမ်မြောက် ရုံးထုတ်ရာတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားသည်။ 

ရသေ့တောင်မြို့၌ စာပေဟောပြောပွဲတစ်ခု၏ အကြောင်းခြင်းရာအပေါ် ပုဒ်မ သုံးခုခွဲကာ တရားစွဲဆိုမှုသည် ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၂၂ တွင် ပြုလုပ်မှုတစ်ခုတည်းအတွက် ဥပဒေတစ်ရပ်နှင့်သာ တရားစွဲဆိုရမည်ဖြစ်ကြောင်း စသည့်ဥပဒေတို့နှင့်လည်း ဆန့်ကျင်နေကြောင်း ဒေါက်တာအေးမောင်၏ အကျိုးဆောင်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောကြားသည်။

“တရားစွဲတာမှာ ဥပဒေအရ အားနည်းချက်ရှိတယ်၊ အဲဒီအားနည်းချက်ကို အခြေခံပြီးတော့ ပြန်လှန်မေးခွန်းမေးရတာပေါ့။ နောက်အပတ်မှာ နှစ်ဖက်ရှေ့နေတွေ ခေါင်းချင်းဆိုင်ပြီးတော့ ဥပဒေကတော့ ဒီလိုပြဿနာပေါ်နေပြီ၊ ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိတဲ့ ပြည်နယ်လွှတ်တော်ကို တင်မှာလား မတင်ဘူးလား ဆွေးနွေးကြမှာ”ဟု ၎င်းက ရှင်းပြသည်။ 

ထို့အပြင် အကြောင်းခြင်းရာ တစ်ခုတည်းအပေါ် မြို့နယ်တရားရုံး၌ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် စွဲဆိုထားပြီး ခရိုင်တရားရုံးတွင် နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ဥပဒေ ပုဒ်မ ၁၂၂ တို့နှင့်ခွဲ၍ စွဲဆိုကာ စစ်ဆေးကြောင်း၊ ယင်းသို့ခွဲ၍ မစစ်ဆေးဘဲ ခရိုင်တရားရုံးတစ်ခုတည်းမှာသာ အမှုပေါင်းပြီး စစ်ဆေးရန် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း ဝေဟင်အောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

“ကျွန်မတို့ကတော့ အကြောင်းခြင်းရာတစ်ခုကို သုံးခုခွဲစွဲထားတာဟာ ဥပဒေရဲ့ မှားယွင်းချက်ကို ရုံးပေါ်မှာတင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်။ အခုတော့ သုံးမှုလုံးကို တစ်ရုံးတည်းမှာ တစ်ပေါင်းတည်းစစ်ဖို့ လျှောက်လွှာတင်လိုက်တယ်။ အဲဒီလို တစ်ပေါင်းတည်း စစ်ဆေးပြီးရင် ဒီအမှုတွေကို ဥပဒေနဲ့အညီ ချေဖျက်ပေးဖို့ လုပ်သွားမယ်”ဟု ဒေါ်အေးနုစိန်က ပြောသည်။

၎င်းတို့ကို တရားစွဲဆိုရန် ဆန္ဒစောနေသောကြောင့် စကားလုံးများကို ဖြတ်ညှပ်ကပ်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြကြသောအခါမှာလည်း မြောက်ဦးမြို့ဖြစ်စဉ်နှင့်ပေါင်း၍ တင်ပြလိုက်ခြင်းကြောင့် နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုရန် လက်မှတ်ထိုးသည်ဟု ထင်မြင်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

“ရခိုင်ပြည်နယ်မှာ ဘယ်သူ့ကို အစိုးရအဖြစ် အားကိုးရမှန်း မသိတဲ့ကာလမှာ တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ပေါ်စေချင်တယ်။ အနောက်ဘက်ပြဿနာ အရေးကြီးတယ်” ၎င်းက ဆက်ပြောသည်။ 

လက်ရှိအချိန်၌ တရားလိုများအား ပြန်လှန်စစ်ဆေးမေးမြန်းခြင်းများ ပြီးဆုံးကြောင်း၊ ရုံးချိန်းကို မတ်လ ၂၈ ရက်တွင် ထပ်မံချိန်းဆိုကြောင်း တရားစွဲခံထားရသူများ၏ ရှေ့နေများထံမှ သိရသည်။ 

R-22



FOLLOW US