News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်လည်ရေးဆွဲ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေသည် ပြီးခဲ့သည့် အစိုးရသက်တမ်း (၂၀၁၅ ဩဂုတ်လ) ၏ လွှတ်တော်မှ အတည်ပြုရန်ဆိုင်းငံ့ထားပြီး ယနေ့အချိန် (သက်တမ်း နှစ်နှစ် ကျော်လာသည်) အထိ ပိုမိုကောင်းမွန်အောင် ပြန်လည်ရေးဆွဲနေသည်ဟုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းသန်းနိုင်က ယင်းဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပိုမိုကောင်းမွန်အောင်ရေးဆွဲနေသည်ဟုသာ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေသည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပြီး သဘောထားကွဲလွဲမှုများရှိသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှသာ လွှတ်တော်သို့ ပြန်လည်တင်ပြဆွေးနွေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပြီး ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေအပေါ် စိစစ်ခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်စေနိုင်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆိုထားခဲ့သည်။

“ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ထားဖို့ သဘောတူအတည်ပြုခဲ့တာကို အလေးဂရုပြုပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပိုမိုကောင်းမွန်ပြည့်စုံစေဖို့အတွက် ဆက်လက် ပြင်ဆင်ညှိနှိုင်း ပြုစုဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးအောင်မြင့်က ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းဥပဒေကို လွှတ်တော်သို့ ပြန်လည်တင်ပြနိုင်မည့်အချိန်ကိုမူ ၎င်းက တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အဆိုပါဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ၂၀၁၂ ဩဂုတ်လ၊ ၂၀၁၅ ဩဂုတ်လတို့တွင် ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန်တွင် အသက်ဝင်လာခြင်း မရှိသေးခြင်းဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေတွင် ရွေးကောက်ခံလွှတ်တော်တစ်ဦးကို ၎င်း၏မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ တိုင်ကြားရမည်ဟု ပြဋ္ဌာန်းထားချက်ရှိသော်လည်း မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတိုင်ကြားရမည်ဟု ပြင်ဆင်လိုခြင်း၊ ယင်းသို့ပြင်ဆင်ပါက အခြေခံဥပဒေကိုပါ ပြင်ဆင်ရမည့် အခြေအနေရှိလာခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်ကို ယင်းသို့ တိုင်တန်းနိုင်ပါက တပ်မတော်သားကိုယ်စားလှယ်တို့ကိုပါ တိုင်တန်းနိုင်သည့် အကြောင်းအရာ ထည့်သွင်းလိုခြင်း၊ ယင်းသို့ လုပ်ဆောင်ရန်အချက်များသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ရှိမရှိ နှိုင်းယှဉ်ခြင်း စသည့်ဆွေးနွေးချက်များ ရှိခဲ့သည်။

အဆိုပါအချိန်က တပ်မတော်သား မိသားစုဝင်အများစုရှိသည့် ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ တိုင်တန်းမည့် အခြေအနေများလည်း ရှိခဲ့ခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ (ဦးရွှေမန်း) ကိုယ်တိုင်က ဆိုင်းငံ့ထားရန် ညွန်ကြားသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (က) တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း စသည့်အချက်များကို ဖောက်ဖျက်ပါက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဦးစွာ တိုင်တန်းရမည်ဖြစ်ပြီး ကော်မရှင်က ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

S-01



FOLLOW US