News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ်များကို တရားစွဲမှု တရားရုံးက ငြင်းချက်ထုတ်
ပုသိမ်၊ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို နစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဏာမငြင်းချက် ၂ ချက် အပါအဝင် ငြင်းချက် ၉ ချက် ဧရာဝတီတိုင်း တရားလွှတ်တော်က ထုတ်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။ 

“ငြင်းချက်ထုတ်တဲ့နေ့မှာပဲ အမိန့် ၁၃၊ နည်း ၁ အရ စာရွက်စာတမ်းတွေ တင်ရတယ်၊ သက်သေစာရင်းတွေ တင်ရတယ်၊ ငြင်းချက် ၉ ချက်ထဲမှာ နံပါတ် (၇) နဲ့ (၈) က ပဏာမ ငြင်းချက်လို့ခေါ်တယ်၊ ဥပဒေ ငြင်းချက်လို့လည်းခေါ်တယ်၊ တရားမမှု လုပ်ထုံးလုပ်နည်းတွေအရ ဥပဒေ ငြင်းချက်ကိုတော့ အမိန့် ၁၄၊ နည်း ၂ အရ ရှေးဦးစွာ ကြားနာရတယ်၊ ဒါကြောင့် လာမယ့် ရုံးချိန်းမှာ ငြင်းချက် (၇) နဲ့ (၈) အတွက် လျှောက်လဲချက်တွေ တင်ရပါမယ်”ဟု တရားပြိုင်များ၏ အကျိုးဆောင် ရှေ့နေကြီး ဦးမြင့်သွင်က ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တရားစွဲခံရခြင်းမှာ လွှတ်တော်နှင့်အစိုးရ၏ ပုံရိပ် ထိခိုက်ကျဆင်းစေကြောင်း၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် ဥပဒေနှင့်အညီ ဖြေရှင်းနေကြောင်း တရားစွဲဆိုခံရသည့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။     

ညောင်တုန်းမြို့နယ်၊ သဇင် ရေကျော်ကွင်းရှိ ဧက ၁၁၅၀ ဒသမ ၄၀ ကို ၂၀ဝ၃ ခုနှစ်တွင် ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီသည် ငါးကန် လုပ်ကိုင်ခွင့်ကို ရရှိခဲ့ကြောင်း၊ မြေယာ အငြင်းပွားမှုများကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်၍ မရခြင်း၊ တရားစွဲဆိုခံရခြင်း စသည်တို့ ဖြစ်ပေါ်နေသဖြင့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး (ယခု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး) နှင့် ဌာနဆိုင်ရာ ၃ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ကို ငွေကျပ် သိန်းနှစ်သောင်း ရလိုမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲဆိုထားကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ တရားစွဲဆိုထားမှုကို  စက်တင်ဘာလ ၈ ရက်တွင် စတင် စစ်ဆေးပြီး ဒီဇင်ဘာလ ၁၂ ရက်အထိ အဆိုလွှာ တင်ခြင်း၊ အချေလွှာ တင်ခြင်း၊ ပြန်လွှာ တင်ခြင်း၊ ကြားဖြတ်အမိန့် ချမှတ်ခြင်း၊ ငြင်းချက် ၉ ချက် ထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း၊ ငြင်းချက်များအနက် ၂ ချက်ကို ပဏာမ ငြင်းချက်အဖြစ် သတ်မှတ်ကာ အမှုဆက်လက် ကြားနာနိုင်ရန်အတွက် ဒီဇင်ဘာ ၂၈ ရက်သို့ ချိန်းဆိုထားသည်။ 

R-11



FOLLOW US