News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ရေအိမ်စည်းကမ်းထုတ်သည့် ကချင်လွှတ်တော်ဥက္ကဋ္ဌ၏ စည်းကမ်းချက်များကို ကိုယ်စားလှယ်အချို့ ကန့်ကွက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ် လွှတ်တော်ရိပ်သာ၌ နေထိုင်ကြသော ကိုယ်စားလှယ်များအနေနှင့် အလေးသွားပြီးပါက ရေဆွဲချရန်အပါအဝင် စည်းကမ်းချက် ၂၃ ချက်ကို ကျေနပ်မှုမရှိ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်လျက်ရှိကြောင်း ကိုယ်စားလှယ်အချို့က The Voice သို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်က ကချင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်သည် လွှတ်တော်ရိပ်သာ တိုက်ခန်းအတွင်း နေထိုင်သော ကိုယ်စားလှယ်များ လိုက်နာရန် စည်းကမ်းချက် ၂၃ ချက်ကို ထုတ်ပြန်ခဲ့ပြီး ကိုယ်စားလှယ်များ နေထိုင်သော တိုက်ခန်းများသို့ လိုက်လံပေးရာတွင် ကိုယ်စားလှယ်နှင့် လွှတ်တော်ဝန်ထမ်းများ အချင်းများခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆက်လက်ပြောကြားသည်။

ယင်းစည်းကမ်းချက် ၂၃ ချက်တွင် ကိုယ်စားလှယ်များအနေနှင့် အမှိုက်နှင့် ကွမ်းတံတွေးများကို အမှိုက်ပုံများတွင် စနစ်တကျ စွန့်ပစ်ရမည်၊ အိပ်ခန်းအတွင်း အဝတ်စိုများ မလှန်းရ၊ အလေးသွားပြီးပါက ရေဆွဲချရန်၊အိပ်ခန်းအတွင်း ချက်ပြုတ်ခြင်းများ ဆောင်ရွက်မည်ဆိုပါက သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန်နှင့် ဘေးပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေမည့် ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်း၊ သီချင်း ဖွင့်/ဆိုခြင်း၊ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ရ စသည်ဖြင့် ပါဝင်သည်။

“လိုအပ်လို့ ထုတ်တယ်လို့ ယုံကြည်တယ်။ လူတွေက အမျိုးမျိုးရှိတယ်။ ကိုယ်စားလှယ်တွေထဲမှာလည်း အမျိုးမျိုးရှိတယ်။ သပ်သပ်ရပ်ရပ်နဲ့ နေတတ်တဲ့သူတွေရှိသလို ပစ်စလက်ခတ် နေတတ်တဲ့သူတွေလည်း ရှိတယ်” ဟု မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းကဆိုသည်။

လိုအပ်လို့ စည်းကမ်းချက် ထုတ်ပြန်သည့်အပေါ် ကြိုဆိုပြီး ယင်းကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ၏ ထုတ်ပြန်သည့် စည်းကမ်းချက်အပေါ် ကျေနပ်မှုမရှိ၍ ကိုယ်စားလှယ်အချို့က ဝေဖန်မှုရှိပြီး စည်းကမ်းမရှိသူများကြောင့် ယခုကဲ့သို့ စည်းကမ်းထုတ်ရခြင်း ဖြစ်နိုင်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ၏ ထုတ်ပြန်သော စည်းကမ်းချက်အပေါ် ကျေနပ်မှုမရှိသော လွှတ်တော်ကိုယ်စားလှယ်အချို့သည် နိုဝင်ဘာလ ၂၉ ရက်၌ လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းသို့ သွားရောက်၍ စည်းကမ်းရုပ်သိမ်းပေးရန် သွားရောက် တောင်းဆိုမှုများရှိကြောင်း ကိုယ်စားလှယ်အချို့က ပြောသည်။

“ဒီစည်းကမ်းချက်တွေက ကိုယ်စားလှယ်တွေအနေနဲ့ မလိုအပ်ဘူး။ လမ်းဘေးကလူတွေလည်း မဟုတ်ဘူး။ စည်းကမ်းချက်တွေကို ကန့်ကွက်ပါတယ်” ဟု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ယင်းသို့ လွှတ်တော်ရိပ်သာ တိုက်ခန်းအတွင်းနေထိုင်သော ကိုယ်စားလှယ်များကို စည်းကမ်းချက်ထုတ်ပြန်ခဲ့သော ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ The Voice က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

J-07



FOLLOW US