News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

အာဏာရှင်စနစ်ဆိုးဟု NLD ကိုယ်စားလှယ်ပြောဆိုမှု တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်
နေပြည်တော်၊ ဩဂုတ် ၂၂

အာဏာရှင် စနစ်ဆိုးဟူသော စကားလုံးကို လွှတ်တော်တွင်ဆွေးနွေး ပြောကြားမှုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဩဂုတ် ၂၂ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ကန့်ကွက်လိုက်သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဦးခင်မောင်လတ် တင်သွင်းထားသည့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင်  လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် နေရပ်စွန့်ခွာ တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက်ရပ်တည်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးရာတွင် ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ်(၈) မှဒေါ်အိအိပြုံး(NLD ပါတီဝင်)က အာဏာရှင်စနစ်ဆိုးဟု ပြောဆိုဆွေးနွေးခဲ့သောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက အစည်းအဝေး ခန်းမအတွင်း ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“အာဏာရှင် စနစ်ဆိုး ဆိုတာဘာ ကိုဆိုလိုတာလဲ၊ ဘယ်သူ့ကို ဆိုလိုတာလဲ၊ ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ ဒီလိုမျိုး အစိုးရအဆက်ဆက်ကို အာဏာရှင်စနစ် ဆိုပြီး ပြောတဲ့ကိစ္စကို လက်ခံစရာအကြောင်း မရှိပါဘူး။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၂၅ အရ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပါမယ်လို့ ကိုယ်စားလှယ် အားလုံး ဇယား(၄)အရ ကတိသစ္စာပြုပြီးသား ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကနေပြီး ရိုင်းပျတဲ့စကားလုံး မသုံးပါနဲ့ ဆိုပြီးတော့ ဒါကို လိုက်နာမှု မရှိတာကိုလည်း ကန့်ကွက်ပါတယ်။ ဒီစကားရပ်ကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဗိုလ်ချုပ်သန်းစိုးက ဆိုသည်။

ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု နောက်ကျနေရခြင်းသည် အာဏာရှင်စနစ်ဆိုး၏ ဒဏ်ပဲဖြစ်ပြီး ၎င်းတို့အနေနှင့် အာဏာရှင်စနစ်ကို တွန်းလှန်နေချိန်တွင် ရခိုင်တိုင်းရင်းသားများသည် အတွင်းဘက်တွင် အာဏာရှင်၏ စနစ်ဆိုးနှင့် အပြင်ဘက်တွင် နယ်မြေလုနေသောအရေးကို ကြုံခဲ့ရကြောင်း ဒေါ်အိအိပြုံးက ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုသည် နေ့ချင်း ညချင်း ပေါ်ပေါက်ခဲ့သော အရာများ မဟုတ်ဘဲ ခေတ်အဆက်ဆက် တာဝန်ရှိပုဂ္ဂိုလ်များ မဖြေရှင်းခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ ယင်း ဒေသတွင် အဂတိ လိုက်စားမှုများဖြင့် နိုင်ငံသားဖြစ်ခွင့်မရှိသူကို နိုင်ငံသားပေးခဲ့သည့်အပြင် နိုင်ငံရေးတွင်လည်း ပါဝင်ခွင့်ပြုခဲ့သောကြောင့် ကမ္ဘာ့အလယ်တွင် တရားမဝင်ခြင်းမှ တရားဝင်သကဲ့သို့ ဝါဒဖြန့် လှုံ့ဆော်ခွင့် ရသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားထားသည်။

ဒေါ်အိအိပြုံး၏ ပြောဆိုဆွေးနွေးချက်ပါကိစ္စကို တပ်မတော်က ကန့်ကွက်ခြင်းကြောင့် ယင်းအကြောင်းအရာကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးမည်ဟု လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး လွှတ်တော်ရုပ်သံ ထုတ်လွှင့်ပြသမှုတွင်လည်း ဖြတ်တောက်ထုတ်လွှင့်ခဲ့သည်။

ဦးခင်မောင်လတ် တင်သွင်းထားသော အထက်ပါအဆိုကို ဩဂုတ်လ ၁၆ ရက်မှစ၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေခြင်းဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေအရ အကြမ်းဖက် သောင်းကျန်းသူများကို ဘင်္ဂါလီ အကြမ်းဖက်သမား၊ ဘင်္ဂါလီ အကြမ်းဖက်အုပ်စုဟု သတ်မှတ်ပေးရန် တင်ပြဆွေးနွေးခဲ့သည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးကျော် ဆွေးနွေးမည်ဖြစ်ပြီး ဆက်လက် ကျင်းပမည့် အစည်းအဝေး ရက်များတွင် ဆွေးနွေး၍ အတည်ပြုချက် ရယူသွားမည်ဖြစ်သည်။ အဆိုပါ အဆိုနှင့် သဘောထား တူညီသော အဆိုကို ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီး ယင်းလွှတ်တော်တွင်လည်း ဆက်လက် ဆွေးနွေးရဦးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးသည် အစိုးရ၊ တပ်မတော်၊ နယ်ကြားစောင့်တပ်၊ ရဲတပ်ဖွဲ့ဝင်များ တူညီသော ပေါင်းစည်းမှုဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။ 

S-01



FOLLOW US