News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

အွန်လိုင်းလောင်းကစားမှုများကို ဆက်သွယ်ရေး ဥပဒေအရ အရေးယူမည်ဟု မန္တလေးတိုင်း နယ်လုံဝန်ကြီးပြော
မန္တလေး၊ ဇူလိုင် ၁၀

မန္တလေးတိုင်းအတွင်း အွန်လိုင်းမှတစ်ဆင့် လောင်းကစားများ ရှိနေရာ ယင်းသို့ လုပ်ဆောင်နေသူများကို ၂၀၁၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းမန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

“အွန်လိုင်းကတစ်ဆင့် ပြုလုပ်နေကြတဲ့ လောင်းကစားမှုတွေဟာ ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေအရရော ၂၀၁၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရရော ငြိစွန်းနေတယ်။ အဲ့ဒီဥပဒေတွေနဲ့ အရေးယူရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့  လက်အောက်မှာ ဆိုက်ဘာခရိုင်း (Cyber Crime) ရဲတပ်ဖွဲ့လည်း ရှိနေတော့ ကျူးလွန်သူတွေကို  ကြပ်ကြပ်မတ်မတ် အရေးယူနေပါတယ်။ သက်သေအထောက်အထား ခိုင်လုံဖို့တော့ လိုတယ်” ဟု ၎င်းက ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး မေးမြန်းခဲ့သည့် အွန်လိုင်းလောင်းကစားများကို အရေးယူ ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်မင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အွန်လိုင်းပေါ်မှာ ဖဲလောင်းကစားခြင်း၊ ချဲထီလောင်းကစားခြင်းတို့ ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လာတာကို တွေ့နေရပါတယ်။ နိုင်ငံသူ နိုင်ငံသားတို့ အနေနဲ့ စီးပွားရေး အကျပ်အတည်းအပေါ် ထွက်ပေါက်တစ်ခု အနေနဲ့ အွန်လိုင်းလောင်းကစားမှုတွေ လုပ်နေတာ ရာဇဝတ်မှုတွေ တိုးလာနိုင်တယ်။ ဒါကြောင့် မေးမြန်းရတာ” ဟု ဦးအောင်ကျော်မိုးက ပြောဆိုသည်။

အွန်လိုင်းလောင်းကစားမှုသည် Cyber Crime အမျိုးအစားတွင် ပါဝင်ကြောင်း၊ ကျူးလွန်သူများကို အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထား ခိုင်လုံစွာ ရရှိနိုင်ရန် လိုအပ်သောကြောင့် သက်သေအထောက်အထားများ ရှာဖွေနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ အွန်လိုင်းတွင် လောင်းကစားသူများသည် ဘဏ်များတွင် အမည်အမျိုးမျိုးဖြင့် အကောင့်ဖွင့်ကာ လောင်းကစားမှုများ ပြုလုပ်ကြသည့်အတွက် သက်သေအထောက်အထား ခိုင်လုံမှသာ  အရေးယူနိုင်မည် ဖြစ်ကြောင်း နယ်လုံဝန်ကြီးက ထပ်လောင်းပြောကြားသည်။ 

M-04



FOLLOW US