News

POST TAGGED AS

လှိုင်သာယာ

ထိန်ပင်အမှိုက်ပုံမီးခိုး ပြန်ထွက်၍ စောင့်ကြည့်ငြှိမ်းသတ်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှာ မေလ ဒုတိယပတ်အတွင်း မီးခိုးငွေ့များ ပြန်ထွက်လာသောကြောင့် စည်ပင်ဝန်ထမ်းများက မေလ ၁၄ ရက်ထိ စောင့်ကြည့်ငြှိမ်းသတ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်ပုံကို မေ  ၂ ရက်က အပြီးငြှိမ်းသတ်နိုင်ပြီဖြစ်သော်လည်း မီးစအနည်းငယ်နှင့် မီးခိုး အနည်းငယ် ထွက်ရှိသောကြောင့် စည်ပင်မီးသတ်အင်အားဖြင့် ထွက်ရှိသည့်နေရာကို ချက်ချင်း ငြှိမ်းသတ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ထိန်ပင်အမှိုက်ပုံက မီးခိုးငွေ့တွေ ပြန်ထွက်လာတဲ့အတွက် အသင့်စောင့်ကြည့်နေပြီး ထွက်တဲ့နေရာကို ချက်ချင်း ငြှိမ်းသတ်ပါတယ်။ ဧရိယာက ကျယ်တော့ မိုးမရွာတော့ ဟိုတစ်ပေါက် ဒီတစ်ပေါက် ထထွက်နေတာပါ။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ၎င်းကဆိုသည်။ 

ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များ ငြှိမ်းသတ်မှုကို စည်ပင်မီးသတ်ကား လေးစီး၊ စည်ပင်မီးသတ်အင်အား ၁၆ ယောက်၊ စည်ပင်ဝန်ထမ်းအင်အား ၂၀၊ ရေနှင့် သန့်ရှင်းမှုဌာနမှ ဝန်ထမ်း ၂၀ ခန့် စုစုပေါင်း ဝန်ထမ်းအင်အား ၅၀ ကျော်ဖြင့် စောင့်ကြည့်ကာ ငြှိမ်းသတ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံသည် ၂၀၁၈ ခုနှစ်ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး မေလ ၂ ရက်တွင် အမှိုက်ပုံမီးကို အပြီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဆယ့်နှစ်ရက်ကြာ လောင်ကျွမ်းခဲ့သည့် ယင်းမီးလောင်မှုမှာ မြန်မာနိုင်ငံတွင် ရက် အရှည်ဆုံး မီးလောင်မှုကြီးတစ်ခုလည်း ဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်သားများ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အမှတ် (၅) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများ ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ပေးခဲ့သည်။

J-10



FOLLOW US