News

POST TAGGED AS

လှိုင်သာယာ

လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားသမဂ္ဂများ ဆန္ဒပြခွင့်မရ
ရန်ကုန်၊ မေ ၇

ခုံသမာဓိကောင်စီအမိန့်ကို မနာခံသည့်လုပ်ငန်းရှင်ကို ထောင်ဒဏ်နှင့် ငွေသိန်း ၁၀၀ အမိန့်ချမှတ်ရန် လှိုင်သာယာမြို့နယ်ရှိ အလုပ်သမား သမဂ္ဂများ၏ မေလ ၇ ရက် ဆန္ဒပြမည့် အစီအစဉ်မှာ ခွင့်ပြုချက် မရခဲ့ကြောင်း လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲသူရက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားသမဂ္ဂအဖွဲ့ ငါးဖွဲ့က သတင်းစာ ရှင်းလင်းပွဲကို မေလ ၇ ရက်က ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်ခဲ့ပြီး ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့် အလုပ်ရှင်ကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။

“ခုံသမာဓိအမိန့်ကို မနာခံဘူး။ ဆန့်ကျင်တယ်၊ အစိုးရအမိန့်တောင် မလိုက်နာဘဲ ဒဏ်ငွေ ၁၀ သိန်းကို ပေးဆောင်တယ်။ အဲဒါကြောင့် အမိန့်မနာခံတဲ့ လုပ်ငန်းရှင်ကို ထောင်ဒဏ်နဲ့ ဒဏ်ငွေ သိန်း ၁၀၀ ပေးဆောင်ဖို့အတွက် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ဖို့လုပ်တယ်။ အခုဆန္ဒဖော်ထုတ်ခွင့်ကို သက်ဆိုင်ရာမြို့နယ်က ခွင့်မပြုလို့ သတင်းစာ ရှင်းလင်းပွဲလုပ်တာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် Sola Moda အထည်ချုပ်စက်ရုံ၊ Mac Do ဆံပင်တုစက်ရုံ၊ Star World ပလတ်စတစ်စက်ရုံ အပါအဝင် စက်ရုံ ၁၄ ရုံအတွင်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခြင်းကြောင့် လုပ်ငန်းရှင်မှ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၈၀၀ ခန့်ရှိသည်ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် အလုပ်ထုတ်ခံရသည် အလုပ်သမားများသည် အခြားသော စက်ရုံများတွင် အလုပ်သွားလျှောက်သော်လည်း အလုပ်မရရှိသဖြင့် အခက်အခဲ ကြုံနေရကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမားများထံမှ သိရသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများနှင့် လုပ်ငန်းရှင်တို့ ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ရာတွင် နောက်ဆုံးအဆင့် ခုံသမာဓိ ကောင်စီက အလုပ်ပြန်ခန့်ရန် အမိန့်ချမှတ်သော်လည်း လုပ်ငန်းရှင်ဘက်က ဒဏ်ငွေ ၁၀ သိန်း အစိုးရကိုပေးဆောင်၍ အလုပ်ပြန်မခန့်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုရဲသူရက ပြောကြားသည်။

မေ ၇ ရက်တွင် ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့များသို့ ခွင့်ပြုမိန့် တင်ခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ခွင့်ပြုမိန့်နှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက “၁၁ မြို့နယ်မှာ ဆန္ဒပြခွင့်က ခွင့်မပြုထားဘူး။ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်သွားနိုင်တယ်။ တာမွေဟစ်တိုင်မှာ ပြလို့ရပါတယ်။ အဲဒီမှာပြဖို့လည်း ပြောပါတယ်”ဟု ၎င်းကဆိုသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဥပဒေအရ အလုပ်ရှင်ဖြစ်စေ၊ အလုပ်သမားဖြစ်စေ ထိုဥပဒေကို ချိုးဖောက်လျှင် နိုင်ငံတော်သို့ ဒဏ်ငွေ ကျပ်ငါးသိန်းမှ ဆယ်သိန်းအထိ ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၆ ခုနှစ်အတွင်း အလုပ်ရှင်ကို အလုပ်သမားက ပြန်လည် တရားစွဲဆိုမှုပေါင်း ၂၂ မှုရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ စက်ရုံများအတွင်း အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကြောင့် ခုံသမာဓိကောင်စီတွင် ဖြေရှင်းပေးခဲ့သည့် အမှုပေါင်း ၁၂၃၈ မှုရှိခဲ့ကြောင်း အလုပ်ရုံ ဥပဒေစစ်ဆေးရေး ဦးစီးဌာနစာရင်းအရ သိရသည်။

မေလ ၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ် အလုပ်သမားသမဂ္ဂ၊ Sola Moda အထည်ချုပ် အခြေခံ အလုပ်သမားသမဂ္ဂ၊ Mac Do ဆံပင်တု အခြေခံ အလုပ်သမားသမဂ္ဂ၊ Star World ပလတ်စတစ် အခြေခံ အလုပ်သမားသမဂ္ဂ၊ ရန်ကုန်တိုင်း ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား အဖွဲ့အစည်းတို့ အပါအဝင် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။

J-18



FOLLOW US