News

POST TAGGED AS

လှိုင်သာယာ

18-Feb-2018

YBS
စည်းကမ်းမလိုက်နာသည့် YBS ယာဉ်မောင်းကို ငွေဒဏ်အပြင် ရာသက်ပန်ထုတ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်များကို မောင်းနှင်နေသည့် YBS ယာဉ်မောင်းများထံ တိုင်းအစိုးရအဖွဲ့က ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ဖေဖော်ဝါရီ တတိယပတ်မှ စတင် အသိပေးထားပြီး မလိုက်နာပါက ငွေဒဏ်အပြင် ရာသက်ပန် ထုတ်ပယ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“ယာဉ်မောင်းတွေကို စောင့်ကြည့်နေတယ်။ ငွေဒဏ်လောက်အပြစ်ကို သတိပေးနေတဲ့ကြားက ထပ်ဖောက်ဖျက်ရင် ထုတ်ပယ်မှာဖြစ်တယ်။ ယာဉ်တွေကို GPS တွေ တပ်ဆင်ထားပြီး YBO ကနေ နေ့စဉ် သတိပေး ထိန်းချုပ်နေတယ်”ဟု YRTA မှ တာဝန်ရှိတစ်ဦးက ဆိုသည်။

YBS ခရီးသည်တင်ယာဉ်များ၏ ယာဉ်မတော်တဆမှု၊ သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်မှု၊ ကြမ်းတမ်းစွာ မောင်းနှင်မှု၊ ကြမ်းတမ်းစွာ ဘရိတ်နင်းမှုစသည့် ယာဉ်မောင်းများ၏ စည်းကမ်းဖောက်မှုများကို Yangon Bus Operator (YBO) Command Center က နေ့စဉ် စောင့်ကြည့်ထိန်းချုပ်နေကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်တွေ ကီလို ၅၀ ထက်ကျော်ရင် ယာဉ်က တိုက်ရိုက် သတိပေးတယ်။ YBO ကတစ်ဆင့် ဖုန်းဆက် သတိလှမ်းပေးတယ်။ မှတ်တိုင်မှာ အကြာကြီး ရပ်နေရင်လည်း ယာဉ်နံပါတ် ဘယ်လောက်နဲ့က ယာဉ်မှတ်တိုင်မှ ထွက်ခွာပါဆိုပြီး ဖုန်းခေါ်ဆို သတိပေးနေတယ်။ YBO က ယာဉ်တိုက်မှုဖြစ်ရင် ဖြစ်စဉ်ကို အသေးစိတ် အချက်အလက် ထုတ်ပြန်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

YBS ယာဉ်မောင်းများ မှတ်တိုင်တိုင်းမှာ ရပ်ရန်၊ ရပ်ချတင်ထွက်အတိုင်း ဆောင်ရွက်ရန်၊ တံခါးပိတ်မောင်းရန်၊ မှတ်တိုင် မဟုတ်သည့်နေရာတွင် လုံးဝ လူတင်၊ ချ မလုပ်ရန်၊ (လုံးဝ) ကျော်တက် မမောင်းရန်၊ ကီလို ၅၀ အထက်ကျော် မမောင်းရန်၊ ခရီးစဉ် အစ အဆုံး မောင်းနှင်ရန် စသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

YRTA  အနေနှင့် Bus Operator များ၏ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံများနှင့် အပတ်စဉ် သောကြာနေ့တိုင်း တွေ့ဆုံပြီး ပြဋ္ဌာန်းထားသော ယာဉ်စည်းကမ်း ထိန်းသိမ်းရန်၊ ပြစ်မှုနှင့်ပြစ်ဒဏ် သတ်မှတ်ချက် ၁၂၈ ချက်နှင့်အညီ အရေးယူဆောင်ရွက်ရန် အစည်းအဝေး ပုံမှန် ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

“ခေတ်မီနည်းပညာကို အသုံးပြုပြီး ယာဉ်တွေ သတ်မှတ် အမြန်နှုန်းအတိုင်း၊ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ခိုင်းဖို့ စည်ပင်သာယာနယ်နိမိတ်အပြင် (နယ်ကျော်) မောင်းနှင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်လေ့လာဖို့ ဆွေးနွေးဆောင်ရွက်မှုတွေ ရှိတယ်။ ဒါတွေကျူးလွန်ရင် ထိထိရောက်ရောက် အရေးယူဖို့ ပြောဆိုထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ပါက စည်းကမ်းချက် ၁၃၈ ချက်အရ ဒဏ်ငွေ ကျပ်သုံးထောင်၊ ကျပ်သုံးသောင်း၊ ကျပ်ငါးသောင်း (သို့ မဟုတ်) ယာဉ်မောင်းလိုင်စင် သုံးလပိတ်သိမ်းခြင်းအပြင် ရာသက်ပန် ထုတ်ပယ်သည့်ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၉၃ လိုင်းရှိပြီး ယာဉ် ၅၃၁၉ စီးဖြင့် နေ့စဉ် ခရီးသည်ပို့ဆောင်လျက် ရှိကြောင်း YRTA  ထံမှ သိရသည်။

J-06



FOLLOW US