News

POST TAGGED AS

လှိုင်သာယာ

လှိုင်သာယာမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသည့် အဖွဲ့နှစ်ဖွဲ့ကို ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၅

လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ ရှာဖွေဖမ်းဆီးရာ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးပါ အဖွဲ့တစ်ဖွဲ့နှင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါ အဖွဲ့တစ်ဖွဲ့ကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ မင်းတပ်လမ်းပေါ်တွင် ယင်းနေ့ ညနေ ၄ နာရီခွဲခန့်က အသက် ၁၉ နှစ်အရွယ် သန်းထိုက်အောင် (ခ) ကိုထိုက် မောင်းနှင်ပြီး သူရ (ခ) ကျော်ကြီးက နောက်မှနေ၍ စီးနင်းလိုက်ပါလာသည့် ဖီလင်အမျိုးအစား ခဲ/နက်ရောင် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား အစိမ်းရောင်တစ်ပြား၊ ပန်းရောင် ၇၀ ပြားပါ အထုပ်တစ်ထုပ်နှင့် အနက်ရောင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေးပြား ၁၇၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“သူတို့နှစ်ဦးကို စစ်ဆေးလိုက်တဲ့အချိန်မှာ အမှတ် (၇) ရပ်ကွက်ထဲက အဆောင်တစ်ဆောင်ကနေ ဝယ်လာတယ်လို့သိရတာ။ အဲဒါနဲ့ဆက်ပြီး စစ်ဆေးရှာဖွေတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးပဲ မိတယ်၊ သူ့အမျိုးသားက ထွက်ပြေးသွားတာ။ အဆောင်မှာနေတဲ့လင်မယားနှစ်ဦးထံက ဆေးတွေ မမိဘူး။ သူတို့က ကွင်းဆက်အဖြစ်ပဲထည့်ထားတာ။ နောက်တစ်မှုကတော့ အဲဒီ အမှတ် (၇) ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မိခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦးနှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ ကိုင်ဆောင်သော ခေါက်ပိုက်ဆံအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမူးယစ်ဆေးဝါးများနှင့် အတူဖမ်းမိသူများကို လှိုင်သာယာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က)/ ၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16



FOLLOW US