News

POST TAGGED AS

လျှပ်စစ်

ပုသိမ်မြို့ဝင်လမ်းတစ်လျှောက် လမ်းလယ်မီးတိုင်သစ်များ ပြောင်းလဲတပ်ဆင်


ပုသိမ်၊ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်တွင် မြို့ဝင်လမ်းတစ်လျှောက်၌ လမ်းလယ်မီးတိုင်သစ်များကို ဇန်နဝါရီလ ၂၆ ရက်မှစတင်ကာ ပြောင်းလဲတပ်ဆင်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ လမ်းလယ်မီးတိုင်များကို ယခုဘဏ္ဍာနှစ်တွင် တပ်ဆင်မည်ဖြစ်ကြောင်း၊ တိုင်းမြို့၏ အင်္ဂါရပ်နှင့်ညီစေရန်နှင့် ညပိုင်း မီးအလင်းရောင် ပိုမိုရရှိစေရန် ရည်ရွယ်ကာ လမ်းလယ်မီးတိုင် ၁၁၀ ကို တပ်ဆင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် မီးတိုင် ၃၀ ခန့်ကို တပ်ဆင်ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါတပ်ဆင်မှုကို တင်ဒါ အောင်မြင်သည့် Krislite ကုမ္ပဏီက ဆောင်ရွက်နေပြီး တိုင်အတွက် အာမခံ ၂ နှစ်၊ မီးလုံးအတွက် အာမခံ ၅ နှစ်ပေးထားကြောင်း၊ သတ်မှတ်နှစ်အတွင်း ပျက်စီးမှုများရှိပါက ကုမ္ပဏီက ပြုပြင်သွားမည်ဖြစ်ကြောင်း ပုသိမ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်ဇော်က ရှင်းပြသည်။

မီးတိုင်ဟောင်းနေရာတွင် မီးတိုင်သစ်တပ်ဆင်နေသည်ကို တွေ့ရပြီး နွေရာသီရောက်လာပြီဖြစ်သောကြောင့် လျှပ်စစ်မီး ပုံမှန်ရရှိစေရေးအတွက် အစိုးရအနေနှင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အမှတ် (၃) ရပ်ကွက်မှ ဦးကျော်သူက မှတ်ချက်ပေးသည်။

အဆိုပါ လျှပ်စစ်မီးတိုင်များ တပ်ဆင်မှုကို ပုသိမ်မြို့ဝင် အဝိုင်းထိပ်မှ ကမ်းနားလမ်းအထိ ၃ မိုင်ခန့်ကွာဝေးသည့် မဟာဗန္ဓုလလမ်းအတိုင်း လမ်းလယ် လျှပ်စစ်လမ်းမီးတိုင်အဟောင်းများနေရာတွင် တပ်ဆင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်လမ်းမီးတိုင်သစ်များကို ဖေဖော်ဝါရီလလယ်တွင် အပြီးတပ်ဆင်မည်ဖြစ်ကြောင်း၊ မီးတိုင်ကုန်ကျစရိတ်မှာ တစ်တိုင်လျှင် ကျပ် ၂၇ သိန်းခန့် ကုန်ကျကြောင်း တိုင်းအစိုးရထံမှ သိရသည်။

R-11



FOLLOW US