News

POST TAGGED AS

လျှပ်စစ်

ပုသိမ်ဟာလဝါဘူးများတွင် ပါဝင်ပစ္စည်းများ ဖော်ပြရန် သတ်မှတ်

ပုသိမ်၊ ဇန်နဝါရီ ၁၃

ပုသိမ်မြို့၏ ထွက်ကုန်တစ်ခုဖြစ်သော ပုသိမ်ဟာလဝါတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်အပြင် ပါဝင်ပစ္စည်းများကို ဖော်ပြထားသည့် အမှတ်တံဆိပ်များကို ဇန်နဝါရီလမှစတင်ကာ ထည့်သွင်းရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

“ထုတ်လုပ်ရောင်းချနေတဲ့ ပုသိမ် ဟာလဝါမှာ ကုန်ပစ္စည်း အမှတ်တံဆိပ်အပြင် ထုတ်လုပ်တဲ့နေ့၊ သက်တမ်းကုန်မယ့်နေ့၊ ပါဝင်တဲ့ပစ္စည်းတွေ ကပ်ထားရပါမယ်၊ ဆိုင်ကြီးတွေမှ မဟုတ်ပါဘူး၊ ဆိုင်ငယ်တွေရော၊ စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးတွေနဲ့ လိုက်ရောင်းနေတဲ့သူတွေပါ အကျုံးဝင်ပါတယ်”ဟု ပုသိမ်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးစိုးဦးက ရှင်းပြသည်။ 

ပုသိမ်ဟာလဝါ ထုတ်လုပ်ရောင်းချ နေသည့် ဆိုင်ကြီးများတွင် ဟာလဝါထဲက ပစ္စည်းများကို ပစ္စည်းမှန် အသုံးပြု ရောင်းချသော်လည်း ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာများတွင် ရောင်းချနေသော ဈေးသည်များမှာ ထုတ်လုပ်သည့်ပစ္စည်းများမှာ အရောအနှောများ ရှိခြင်းကြောင့် စားသုံးသူနှင့် မကြာခဏ ပြဿနာများ ဖြစ်ပေါ်ရကြောင်း၊ ပုသိမ်ဒေသထွက်ကုန်ဖြစ်သည့် ပုသိမ်ဟာလဝါမှာ နိုင်ငံတွင်း သာမက နိုင်ငံပြင်ပတွင်ပါ နာမည်ကျော်သော်လည်း ယင်းဖြစ်စဉ်များကြောင့် နာမည်ပျက်နေရသဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် မကြာခဏ ဆွေးနွေးရကြောင်း ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။

“ပုသိမ်တစ်ခေါက်ရောက်တော့ ပုသိမ်ဟာလဝါဆိုတော့ ဈေးလည်း သက်သာတာနဲ့ ဝယ်လိုက်တယ်၊ စက်ဘီးနဲ့လိုက် ရောင်းတာပါ၊ နောက်နေ့ စားဖို့လုပ်တော့ အရည်တွေပျော်ပြီး အချဉ်နံ့ထွက်နေပြီ”ဟု ဟင်္သာတမြို့နေ ဦးငယ်လေးကပြောသည်။

ပုသိမ်ဟာလဝါ ထုတ်လုပ်ရောင်းချမည့်သူများအနေနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မြို့နယ် စည်ပင်သာယာတွင်လည်း လုပ်ငန်းလိုင်စင် လုပ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ ထုတ်လုပ်သည့် ဟာလဝါဘူးများတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်အပြင် အန္တရာယ် ကင်းသော အစားအစာဖြစ်ကြောင်း၊ ဟာလဝါတွင် ပါဝင်သည့်ပစ္စည်းများ၊ ထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးသည့်ရက်နှင့် ထုတ်လုပ်သူ၏ ဖုန်းနံပါတ်များပါ ဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

ယင်းညွှန်ကြားချက်ကို မလိုက်နာပါက စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ -၁၉ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေနှင့် မကျေနပ်ပါက စားသုံးသူရေးရာ ဦးစီးဌာနထံစာဖြင့်ဖြစ်စေ၊ စားသုံးသူရေးရာ ဦးစီးဌာန(တိုင်းရုံး) ဝ၄၂-၂၄၅၂၃၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ (ပုသိမ်ခရိုင်) ဝ၄၂-၂၄၅၂၀၊ ဝ၉-၈၅၅၂၂၉၉ သို့ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

R-11



FOLLOW US