News

POST TAGGED AS

လျှပ်စစ်မီး

တွံတေးရှိ ကျေးရွာ၂၃ ခုကို လျှပ်စစ်မီးပေးရန် စီစဉ်
ရန်ကုန်၊ ဇူလိုင် ၅

တွံတေးမြို့နယ် မယ်ပြေကျွန်းကျေး ရွာအုပ်စုရှိ မီးမရသေးသော ကျေးရွာ ၂၃ ခုကို လာမည့်ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်မျိုးဦးထံက သိရသည်။

အဆိုပါကျေးရွာ ၂၃ ခုနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လျှပ်စစ်မီးပေးရေးလုပ်ငန်းဆောင်ရွက်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက စီစဉ်နေကြောင်းနှင့် တွံတေးမြို့နယ်အတွင်း နိုင်ငံအနှံ့ လျှပ်စစ်စွမ်းအား ဖြန့်ဝေရေးစီမံကိန်း (NEP) များဖြင့်လည်း မီးရရှိရန် ဆောင်ရွက်နေကြောင်း ၎င်းထံမှဆက်လက်သိရသည်။

မယ်ပြေကျွန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စု ၅ ခုရှိပြီး ပျမ်းမျှအိမ်ထောင်စု စုစုပေါင်း နှစ်ထောင်ကျော်ရှိသည့် ကျေး ရွာ ၂၃ ရွာ ပါဝင်ကြောင်း၊ အဆိုပါကျေးရွာများသည် တစ်ရွာလျှင်ပျမ်းမျှ အိမ်ခြေ ၇၀၀ ခန့်ရှိကာ အိမ်ခြေ၏ ၇၀ ရာခိုင်နှုန်းခန့်သာ ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးကို အသုံးပြုနေရကြောင်း ကပင်ကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအေးဖေက ပြောကြားသည်။

အဆိုပါကျေးရွာများသို့ လျှပ်စစ်မီးရရှိပါက ဌာနမှသတ်မှတ်ထားသည့် နှုန်းထားများဖြင့်သာ မီးသွယ်တန်းခွင့်ရမည်ဖြစ်ပြီး ယင်းကျေးရွာအုပ်စုများတွင် အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံတစ်ခုရှိကြောင်း၊ ၂၀၂၀ ခုနှစ်တွင် မီးရရှိနိုင်မည်ဖြစ်ကြောင်း တွံတေးမဲဆန္ဒနယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“လာမယ့်ဘတ်ဂျက်အတွက် လျာထားဆောင်ရွက်နေတဲ့ အစီအစဉ်ပါ။ ဘတ်ဂျက်တွေကို လွှတ်တော်မှာ အတည်ပြုရင်တော့ နောင်နှစ်မှာ လုပ်ငန်းစလုပ်နိုင်မှာပါ။ အခု ကျေးရွာတွေက မီးလုံးဝမရသေးတဲ့ ကျေးရွာတွေပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိ တောင်ပိုင်းခရိုင်တစ်ခုလုံး၏ လျှပ်စစ်သုံးစွဲမှု ပျမ်းမျှပမာဏမှာ ၇၀ မဂ္ဂါဝပ်အထိရှိပြီး တွံတေးမြို့နယ်မှာ ပျမ်းမျှ ၁၀ မဂ္ဂါဝပ်အထိ အသုံးပြုကြောင်း တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားစနစ်တွင် အမြင့်ဆုံးသုံးစွဲမှုမှာ တစ်နိုင်ငံလုံးတွင် မဂ္ဂါဝပ် ၃၁၀၀ ကျော်ထိရှိနေပြီး ရန်ကုန်တိုင်းသည် နိုင်ငံတော်ဓာတ်အားစနစ်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက်ရှိသည်။

J-14



FOLLOW US