News

POST TAGGED AS

လျှပ်စစ်မီး

တွံတေးတူးမြောင်းရေလမ်းကြောင်း ခုနစ်ရက်ပိတ်မည်
ရန်ကုန်၊ ဇွန် ၅

မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် ဓာတ်ကြိုးဆွဲမည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်း ၇ ရက်ပိတ်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

၂၃၀ ကေဗီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ တွံတေးတူးမြောင်းကျော်၍ ဓာတ်ကြိုးဆွဲခြင်းလုပ်ငန်းကို ဇွန် ၅ ရက် မှ ၁၁ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

“လျှပ်စစ်ဌာနက လိုအပ်တဲ့လုပ်ငန်း ဆောင်ရွက်နေချိန်မှာ ရေလမ်းအန္တရာယ်ကင်းအောင် ရေကြောင်းပို့ဆောင်ရေးဌာနက ဦးစီးပြီး ရေလမ်းခေတ္တပိတ်တာကို ဆောင်ရွက်ပေးတာဖြစ်တယ်” ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တွံတေးတူးမြောင်းအတွင်း ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် တွံတေးကြိုးတံတား၏အထက်ဘက် ရှစ်မိုင်အနီး ရေလယ်နေရာကို ကျော်ဖြတ်၍ သွယ်တန်းမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က နေ့စဉ်ပြေးဆွဲနေသည့် ရေယာဉ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါရေလမ်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေနှင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာနေရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ တွံတေးတူးမြောင်းတွင် ရေယာဉ် ၁၄၈ စီးမှ ၁၅၀ စီးအထိ နေ့စဉ် ဖြတ်သန်းမောင်းနှင်လျက်ရှိကြောင်း ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေးထံမှ သိရသည်။

J-06



FOLLOW US