News

POST TAGGED AS

လှည်းကူးမြို့

ခွန်တန် (ခေါ်) ဇာတ်လိုက် ထောက်ခံသူများ ရှင်းလင်းပွဲ လှည်းကူး၌ကျင်းပရန် စီစဉ်
ရန်ကုန်၊ မေ ၁၂

သထုံမြို့နယ် အလံတစ်ရာသာသနာ့ နယ်မြေရှိ ခွန်တန် (ခေါ်) ဇာတ်လိုက်အပေါ် ထောက်ခံသူများ၏ သတင်းစာရှင်းလင်းပွဲကို မြို့နယ်သံဃနာယကအဖွဲ့က ခွင့်မပြုခြင်းကြောင့် လှည်းကူးမြို့နယ်၊ နိဂြောဓာရုံ ဘုန်းကြီးကျောင်း၌ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီ၌ ပြောင်းရွှေ့ ပြုလုပ်ရန်စီစဉ်နေကြောင်း ပွဲစီစဉ်သူ ဦးစောမောင်ကြီးက ပြောကြားသည်။

“ခွင့်ပြုချက်တော့ တင်မထားဘူး။ ဒီမှာလုပ်လို့ရတယ်ဆိုလို့ လုပ်တာပါ။ ဒီပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်။ သထုံမြို့မှာဆို ပြဿနာတွေ ရှုပ်ထွေးကုန်မှာ စိုးရိမ်လို့ ဒီမှာပြောင်းလုပ်တာပါ။ ဒီမှာလုပ်ဖို့ ခွင့်ပြုချက်လည်း တင်စရာမလိုဘူးပြောတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ခွင့်ပြုချက် တောင်းခံထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက်ပါက တည်ဆဲဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ကျင်းပခွင့်မရှိပါဘူး။ တကယ် လုပ်မလုပ် စောင့်ကြည့်စစ်ဆေးသွားမယ်”ဟု ၎င်းရဲအရာရှိက ဆိုသည်။

အဆိုပါပွဲသို့ ခွန်တန် (ခေါ်) ဇာတ်လိုက်အပေါ် ယုံကြည်သော သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေမှ ဒေသခံတိုင်းရင်းသား ၁၀၀ ကျော် တက်ရောက်ရန် စာရင်းပေးထားကြောင်း ပွဲစီစဉ်သူအချို့က ဆိုသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတစ်ရာနယ်မြေတွင် အလံတစ်ရာဆရာတော် ဝင်စားသည်ဟုဆိုကာ ရိုးသားသည့် တိုင်းရင်းသားများအပေါ် အယုံသွင်းကာ မိန်းမငယ်လေးများအား ပန်းဦးဆွတ်သူ ခွန်တန် (ခ) ဇာတ်လိုက်သည် ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားသည်။

ထို့ကြောင့် ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့်အဖွဲ့ကို မွန်ပြည်နယ်၊ သာသနာရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် သထုံမြို့နယ်တရားရုံးသို့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေလိုက်နာခြင်းမရှိမှု အပါအဝင် သာသနာတော် ညှိုးနွမ်းစေမှုတို့ဖြင့် ဦးတိုက်လျှောက်ကာ အမှုဖွင့်ထားကြောင်း သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

J-17



FOLLOW US