News

POST TAGGED AS

လှည်းကူးမြို့

မဟာစည်သာသနာ့ရိပ်သာမှ ငွေကျပ် ၂၃ သိန်း ခိုးသူကို ဖမ်းမိ
ရန်ကုန်၊ ဧပြီ ၂၉

လှည်းကူးမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာအတွင်း ဝင်ရောက်ပြီး သံဃာတော်များ၏ ငွေကျပ် ၂၃ သိန်းကို ခိုးယူ၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တိမ်းရှောင်နေသော အမျိုးသားကို ဧပြီလ ၂၇ ရက်နေ့ က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖမ်းမိသူ အသက် ၂၉ နှစ် ဇွဲဟန် (ခ) ဌေးအောင်မှာ ဧပြီလ ၂၅ ရက် နံနက်ပိုင်းက လှည်းကူး-ဖောင်ကြီး တာဆုံတွင် ဂိတ်ထိုးထားသော ပရိုဘောက်အငှား ယာဉ်တစ်စီးကိုငှား၍ ယင်းမြို့နယ် ကဒစ်ကျေးရွာရှိ မဟာစည်သာသနာ့ရိပ်သာသို့ လိုက်ပါပို့ဆောင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် ရိပ်သာအရောက်တွင် ယာဉ်မောင်းဖြစ်သူကို ခေတ္တကားရပ်စောင့်ခိုင်းပြီး ၎င်းက ရိပ်သာထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်လာပြီး ဖုန်းအရောင်းဆိုင်တစ်ဆိုင်သို့ အငှားယာဉ်ကို လိုက်ပါပို့ဆောင်ခိုင်းခဲ့ကြောင်း ယာဉ်မောင်းဖြစ်သူက ထွက်ဆိုခဲ့သည်။

“ရိပ်သာထဲက သံဃာတော် ၁၁ ပါးရဲ့ ငွေတွေခိုးယူခံရတယ်လို့ တိုင်ချက်လာဖွင့်တယ်။ ဒါကြောင့် ရိပ်သာထဲကို ဝင်ထွက်သွားလာတဲ့ လူနဲ့ကားတွေကို လိုက်လံစစ်ဆေးတော့ ပရိုဘောက်အငှား ယာဉ်တစ်စီးနဲ့ ရိပ်သာကိုလာတဲ့ အမျိုးသားတစ်ဦးကို မသင်္ကာဖြစ်မိတယ်။ ဒါကြောင့် အငှားယာဉ်မောင်းကို ခေါ်စစ်ဆေးတော့ ယာဉ်မောင်းကလည်း သူသိသလောက် အမှန်အတိုင်း ထွက်ဆိုသွားတယ်။ ဆက်လက် စုံစမ်းမေးမြန်းရာကနေ အငှားယာဉ်နဲ့ ရိပ်သာကိုလာတဲ့ အမျိုးသားက ဒီပဲယင်းမှာနေတဲ့သူဆိုတာ သိရှိပြီးနောက်မှာ ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။

ရိပ်သာအတွင်းရှိ ဓမ္မကထိက သင်တန်းတက်ရောက်နေသော သံဃာတော်များ၏ ငွေများကို ခိုးယူခဲ့သည့် အမျိုးသားမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြောင်း သတင်းရရှိမှုကြောင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်ဆက်သွယ်ပြီး ၎င်းကို ဖမ်းဆီးခဲ့ရာ ခိုးယူခဲ့သည့် ငွေများအနက်မှ ငွေကျပ် ၁၉ သိန်းကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အခြားမြို့နယ်များတွင် ယင်းအမျိုးသား ကျူးလွန်ခဲ့သည့် ခိုးမှုများ ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US