News

POST TAGGED AS

လုံခြုံရေး

06-Feb-2017

လုံခြုံရေး
အကြမ်းဖက်ဖောက်ခွဲမှု သတင်းကြောင့် ရန်ကုန်လုံခြုံရေး တိုးမြှင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်မြို့တော်နှင့် မြို့ကြီးအချို့တွင် ပြည်ထောင်စုနေ့မတိုင်ခင် အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်နေသည့် သတင်းများ ရရှိမှုကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ရဲတပ်ဖွဲ့ဝင် များ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ရန်ကုန်လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။ 

“ပြည်ထောင်စုနေ့ နီးကပ်လာပြီ ဖြစ်တာကြောင့် ပေါက်ကွဲမှု၊ အကြမ်းဖက်မှုတွေ မဖြစ်ရအောင် ဒီနေ့ကစပြီး လက်နက်ခဲယမ်း အပြည့်နဲ့ နေရာအနှံ့ လုံခြုံရေး တင်းကျပ်လိုက်တာပါ။ ၂၄ နာရီ အပြည့် လုံခြုံရေး ဆောင်ရွက်သွားမယ်” ဟု ရဲမှူးချုပ်မြဝင်းက ဆက်လက်ပြောကြားသည်။ 

ယင်းအပြင် ပြည်သူများ အထိတ်တလန့် ဖြစ်စေမည့် မှုခင်းများ မဖြစ်ပွားစေရန်နှင့် ရဲတပ်ဖွဲ့ထံ ပြည်သူလူထုမှ အချိန်မရွေး အကူအညီ တောင်းခံနိုင်ရန်အတွက် လူစည်ကားရာ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ချထားလိုက်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့များထံမှ သိရသည်။ 

၂၀၁၂ ခုနှစ်က မြဝတီမြို့တွင် ဖောက်ခွဲမှုဖြင့် ထောင်တစ်သက်တစ်ကျွန်းကျရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ အမျိုးသားတစ်ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်ဟောင်းတစ်ဦးတို့က ဦးဆောင်ပြီး မသမာသူ တစ်စုက ပြည်တွင်းမငြိမ်သက်မှု ဖြစ်စေရန် ရန်ကုန်နှင့် ပဲခူး၊ ဘားအံ၊ မော်လမြိုင်များ၌ ဖောက်ခွဲမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသောကြောင့်  တိုင်းနှင့်ပြည်နယ်အနှံ့တွင် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။



FOLLOW US