News

POST TAGGED AS

လုံခြုံရေး

31-Jan-2017

လုံခြုံရေး
လုံခြုံရေးသတိ ကောက်ရိုးမီး မဖြစ်စေလို (Vol-4/No-254)
ယနေ့ ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားခဲ့သော အမှုအခင်းများကို လေ့လာကြည့်လျှင် ကျူးလွန်သူများ မည်မျှ လက်ရဲဇက်ရဲ ရှိနေပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု မည်မျှ အားနည်းပေါ့ဆနေကြောင်း များစွာ သိသာလှသည်။

ယခုနောက်ပိုင်းတွင် ယခင်နှစ်များစွာနှင့် မတူသော အမှုအခင်းများမှာ နှစ်လောင်းပြိုင်မှ ငါးလောင်းပြိုင်ကဲ့သို့ လူအစုလိုက်ကို တစ်ကြိမ်တည်း သတ်ဖြတ်မှုများ၊ နေ့ခင်းကြောင်တောင် ဓားထိုးမှု၊ သေနတ်ဖြင့် ပစ်သတ်မှုများ ပိုများလာခြင်းမှာလည်း မြန်မာပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အထူးစိုးရိမ်ဖွယ် ဖြစ်လာသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီကို ရန်ကုန်လေဆိပ်ရှိ လူမြင်ကွင်းတွင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံလိုက်ရခြင်း၊ ပစ်သတ်သူကို အနီးရှိ တက္ကစီ ယာဉ်မောင်းများနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ပေးခဲ့ရခြင်းတို့မှာ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေး လစ်ဟာပေါ့လျော့မှုတို့ကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

ကုန်ခဲ့သည့် ၂၀၁၆ နှစ်ကုန်ပိုင်းခန့်ကလည်း ရန်ကုန်မြို့တော်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ ပုဂ္ဂလိက နိုင်ငံခြားငွေလဲကောင်တာ တစ်ခုကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ငွေလုယူသွားသူ နှစ်ဦးကို ရပ်ကွက်နေ ပြည်သူအချို့က နယ်မြေခံ ရဲစခန်းကို အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားကာ ထိုနှစ်ဦး ထွက်ပြေးသွားသည့် လမ်းကြောင်းများကိုလည်း အဆက်မပြတ် သတင်းပေးပို့နေသည့်ကြားက လွတ်မြောက်သွားခဲ့သည်။

ထို့အတူ ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် အတွင်းတွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ကာ ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှု အပါအဝင် ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ်မြို့ အချို့တွင် သေနတ်ဖြင့် ပစ်ခတ်လူသတ်မှု၊ မူးယစ်ဆေး မှောင်ခိုသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြား အပြန်အလှန် ပစ်ခတ်မှုများမှာလည်း တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော အမှုအခင်းများ ဖြစ်သည်။

ထို့အပြင် ၂၀၁၆ နှစ်ကုန်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ပရိဝုဏ် အပါအဝင် ရန်ကုန်မြို့တော်ရှိ နေရာအချို့တွင် M 150 အားဖြည့်အချိုရည် ပုလင်းဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံးများ ပေါက်ကွဲခဲ့ခြင်းတို့မှာလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

စင်စစ်အားဖြင့် ဖော်ပြပါ အကြမ်းဖက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ အပါအဝင် မကြားဝံ့ မနာဖွယ်ရာ အမှုအခင်းများသည် ယခင့်ယခင် နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ မြင့်တက်များပြားလာခြင်း၊ ပြည်တွင်းစစ်မီးတောက် တစ်ကျော့ပြန် တောက်လောင်လာခြင်းတို့သည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ကျဆင်းယုတ်လျော့လာသည့် သဘော တစ်နည်းအားဖြင့် အစိုးရသစ်ကို စိန်ခေါ်နေသော ပြဿနာများအဖြစ် အတိအလင်း ပြဆိုနေပေသည်။

အထူးသဖြင့် နာမည်ကျော်ရှေ့နေကြီး ဦးကိုနီကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လူမြင်ကွင်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ဖြစ်ရပ်အထိ ရန်ကုန်ကဲ့သို့ မြို့တော်ကြီးတွင်ပင် မလုံမခြုံ ဖြစ်လာပြီး သေနတ်များ လွယ်လွယ်ကူကူ ပေါပေါများများ ရရှိနေသည့်အသွင် ဆောင်လာခြင်းတို့မှာ အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ပြဿနာများနှင့်အတူ ပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေပေသည်။ 

များသောအားဖြင့် ထိုကဲ့သို့သော ထိတ်လန့်တုန်လှုပ်ဖွယ် အမှုအခင်းများ ပေါ်ပေါက်လာပြီး နောက်မှသာ လုံခြုံရေးအတွက် စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်း၊ လှည့်ကင်းများ တိုးချဲ့ချထားခြင်း၊ ညဥ့်နက်ပိုင်း အသွားအလာများကို စောင့်ကြည့်စစ်ဆေးခြင်းတို့ဖြင့် သူခိုးပြေးမှ ထိုးကွင်းထသကဲ့သို့ ကမန်းကတန်း တုံ့ပြန်လေ့ရှိပြီး အချိန်ကြာသွားပါက ကောက်ရိုးမီးကဲ့သို့ သွေးအေး ပေါ့လျော့သွားတတ်ခြင်းတို့ကို ပြုပြင်ပြောင်းလဲချိန်တန်ပြီ ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၃၁-၁-၂၀၁၇)



FOLLOW US