News

POST TAGGED AS

လုံခြုံရေး

မန္တလေးမြို့တော်လုံခြုံရေး သုံးလအထူးစီမံချက်စတင်


မန္တလေး၊ ဇွန် ၂၇

မန္တလေးမြို့တော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး စစ်ဆင်ရေးတို့အတွက် သုံးလတာအထူး စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး အရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မန္တလေးမြို့ကြီးလုံခြုံရင် မန္တလေးတိုင်းတစ်ခုလုံး လုံခြုံတယ်လို့ ပြောလို့ရတာဖြစ်တဲ့အတွက် ဒီအထူးစီမံချက်ကိုရေးဆွဲခဲ့တာ”ဟု ၎င်းက ပြောဆိုသည်။ 

ယင်းစီမံချက်ကို ဇွန်လ ၂၅ ရက်နေ့ကစတင်ခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိ သုံးလအထူးစီမံချက်ဖြင့် ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းစီမံချက်အရ မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အတွင်း လှုပ်ရှားရဲကင်း ၇၁ ခု အသစ်ဖွဲ့စည်းကာ ရဲအရာရှိတစ်ဦးက ဦးစီးပြီး ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအဖွဲ့များ၏ အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မှုခင်းဖြစ်ပွားမှုအများဆုံးနေရာ ၈၆ ခုတို့တွင် ကင်းစောင့်ခြင်း၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအပိုင် ရဲစခန်းတိုင်းက ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများ (မဖြစ် မနေဆောင်ရွက်ခြင်း) ကို တိုင်းအဆင့် အထူးအဖွဲ့နှစ်ဖွဲ့၊ ခရိုင်အဆင့် အထူးအဖွဲ့ တစ်ဖွဲ့တို့၏ ကူညီမှုများဖြင့် ဆောင်ရွက်နေခြင်းတို့ပါဝင်ကြောင်း ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ရှင်းပြသည်။

လုံခြုံရေးကိစ္စများအပြင် မူးယစ်ဆေးဝါးထိန်းချုပ်နှိမ်နင်းရေးနှင့် ပတ်သက်၍ အထူးအဖွဲ့သုံးဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသည့် နှိမ်နင်းရေးအဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် မူးယစ်ကျော်စောစာရင်းတွင်ပါဝင်သော လူပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်း၊ နေရာများကို အမြစ်ပြတ် ဖျက်ဆီးပစ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါသုံးလအထူး စီမံချက်အတွက် မန္တလေးခရိုင်ရဲတပ်ဖွဲ့၏ အင်အားများအပြင် ကျန်ငါးခရိုင်မှ အင်အားများကိုလည်း ခွဲဝေရယူကာ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းအင်အားများသည် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် ဖြစ်ပွားပြီးအမှုများမှ ထွက်ပြေးတိမ်းရှောင်နေသည့် သံသယရှိသူများ၊ ကျော်စော သတင်းရှိသူများကိုလည်း ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

စီမံချက်အတွက် ထည့်သွင်းဖွဲ့စည်းပေးထားသည့် အထူးအဖွဲ့များ၊ စီမံချက်၏အကျိုးသက်ရောက်မှု၊ စီမံချက်အခြေအနေများကို စဉ်ဆက်မပြတ်ကြပ်မတ်သွားမည့် ကြပ်မတ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်။

မန္တလေးမြို့တော် တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးမှုများ၊ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေသည့်အပြင် တရားစီရင်ရေးတွင်လည်း ခိုးဆိုးလုနှိုက်မှုများကိုလည်း မြို့နယ်တရားရုံးများက အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်လျက်ရှိသည်။

အဆိုပါအထူးစီမံချက်စတင်သည့် ဇွန်လ ၂၅ ရက်နေ့ညက ကားများကို ခဲဖြင့်ပေါက်ခြင်း၊ လမ်းသွားလမ်းလာများကို ရိုက်နှက်ခြင်း၊ လမ်းဘေးအိမ်များကို ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်းတို့ ကျူးလွန်ခဲ့သည့် အမျိုးသားငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။  

M-04



FOLLOW US