News

POST TAGGED AS

လုံခြုံရေး

ဆီးရီးယားတွင် ဓာတုလက်နက်ကျွမ်းကျင်သူများ ဒူးမားသို့ဝင်ရန် ကုလလုံခြုံရေးအဖွဲ့၏ အန္တရာယ်ကင်း အချက်ပြမှုကို စောင့်ဆိုင်းနေ


ဒမတ်စကတ်၊ ဧပြီ ၁၈

ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရသောနေရာသို့ OPCW မှ ကျွမ်းကျင်သူများ ရောက်ရှိနေပြီဟု အစိုးရသတင်းဌာနက ကြေညာသော်လည်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကမူ ဓာတုလက်နက် ကျွမ်းကျင်သူများအတွက် အန္တရာယ်ကင်းကြောင်း သေချာစေရန် အဝိုင်းခံ ဒူးမားမြို့အတွင်းသို့ ကုလလုံခြုံရေးအဖွဲ့တစ်ခုသာ ဝင်ရောက်ရသေးသည်ဟု အင်္ဂါနေ့က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးအခြေအနေ စိတ်ချရသည်ဟု ကုလလုံခြုံရေးအဖွဲ့က ဆုံးဖြတ်ပါက ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတကာ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့အစည်း OPCW မှ ကျွမ်းကျင်သူများ အလုပ်စကြမည်ဟု ဘာရှားဂျက်ဖာရီက ပြောကြားသည်။

ဓာတုလက်နက်စစ်ဆေးသူများ ဒိုမာသို့ ဝင်ရောက်သွားပြီဟု ဆီးရီးယား အစိုးရသတင်းဌာနက အင်္ဂါနေ့ အစောပိုင်းအထိ သတင်းမှားထုတ်ပြန်ခဲ့သည်။

ထိုသတင်းကို အနောက်နိုင်ငံများက ပယ်ချခဲ့ကြသည်။ ဧပြီ ၇ ရက်နေ့က ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရသောနေရာသို့ စစ်ဆေးသူများ မဝင်ရောက်နိုင်သေးဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

ယခင်အပတ်ကတည်းက ဆီးရီးယားသို့ ရောက်ရှိနေသော စစ်ဆေးရေးမှူးများ အခင်းဖြစ်နေရာသို့ ဝင်ရောက်ခွင့် ကြန့်ကြာနေရခြင်းအပေါ် အနောက်နိုင်ငံများက ပြစ်တင်ဝေဖန်နေကြသည်။

ရုရှားနှင့် ဆီးရီးယားစစ်တပ်များ အပြည့်အဝ ထိန်းချုပ်ထားသော အခင်းဖြစ်နေရာတွင် မရှိမဖြစ် အထောက်အထားများ ပျောက်ပျက်သွားနိုင်ခြေများသည်ဟု ယုံကြည်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

အခင်းဖြစ်နေရာကို အထောက်အထားများ ရောထွေးသွားအောင် ရုရှားတို့က ပြုလုပ်ဖွယ်ရှိသည်ဟု OPCW ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကင်ဝဒ်က ပြောကြားသည်။

စစ်ဆေးရေးမှူးများ အသုံးပြုနိုင်သည့် လုပ်ထုံးလုပ်နည်းများကို ရှင်ပြသည့် လိဒ်တက္ကသိုလ် ပတ်ဝန်းကျင် အဆိပ်သင့်မှုဆိုင်ရာ ပါမောက္ခ အလတ်စတယ်ကေးက စစ်ဆေးရေးမှူးများသည် ဘေးသင့်သူများနှင့် ကုသပေးသူ ဆရာဝန်များကို တွေ့ဆုံမေးမြန်းခြင်း၊ အခင်းဖြစ်နေရာမှ ဓာတုပစ္စည်း အကြွင်းအကျန်များနှင့် လက်နက်အပိုင်းအစများကို ရှာဖွေစုဆောင်းခြင်း စသည်တို့ကို လုပ်ဆောင်ဖွယ်ရှိကြောင်း ပြောကြားသည်။

ရုရှားတို့က အခင်းဖြစ်နေရာကို ဖုံများပက်ဖျန်းကာ သဘာဝအတိုင်း ရှိနေသယောင် ပုံဖျက်ထားနိုင်သော်လည်း ဘေးသင့်သူများ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် အတွင်းကလီစာများ၌ တွေ့ရှိနိုင်သော ဓာတုအဆိပ်များသည် အဖိုးတန်သော သက်သေအထောက်အထားများ ဖြစ်သည်ဟု ပါမောက္ခကေးက ဆိုသည်။

လူမှုမီဒီယာတွင် တင်ထားသော တိုက်ခိုက်ခံရမှု ပုံရိပ်များအရ ကလိုရင်းနှင့် အာရုံကြောအဆိပ်တို့ ရောနှောထားသည်ဟု ယူဆရကြောင်း ၎င်းက မှတ်ချက်ပေးသွားသည်။

ဆီးရီးယားနှင့် မဟာမိတ် ရုရှား၊ အီရန်တို့က အနောက်နိုင်ငံများသည် သက်သေအထောက်အထားမရှိဘဲ ထိုးနှက်နေသည်ဟု စွပ်စွဲထားသည်။

အနောက်နိုင်ငံများကမူ အရပ်သားများနှင့် WHO ကဲ့သို့သော အင်န်ဂျီအိုများထံမှ ဓာတုလက်နက် တိုက်ခိုက်မှုဖြစ်ကြောင်း မျက်မြင်သက်သေ ထွက်ဆိုချက်များ ရရှိထားသည်ဟု ပြောကြားထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း ဆီးရီးယားသူပုန်များဖြစ်စေ၊ IS အဖွဲ့ကဖြစ်စေ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ရန် အစွမ်းမရှိဟု တနင်္လာနေ့က ပြောကြားသည်။

ယခုကိစ္စတွင် အနောက်နိုင်ငံများ၏ ဝေဖန်ထိုးနှက်မှုကို ထောက်ခံသော်လည်း ပါဝင်ခြင်းမရှိသူ ဂျာမနီအဓိပတိ မာကယ်လ်ထံ ရုရှားသမ္မတပူတင်က အင်္ဂါနေ့တွင် ဖုန်းဖြင့်ဆက်သွယ်ကာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေပြီး ဆီးရီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်နေသည်ဟု ပြောဆိုခဲ့ကြောင်း ကရင်မလင်က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောကြားသည်။

F-04



FOLLOW US