News

POST TAGGED AS

လုံခြုံရေး

ဧရာဝတီတိုင်း တက္ကသိုလ်ဝင် စာမေးပွဲ ရဲ ၁၈၀၀ ကျော် လုံခြုံရေးယူ
ပုသိမ်၊ မတ် ၆ 

ဧရာဝတီတိုင်း မြို့နယ်များရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် ရဲတပ်ဖွဲ့ဝင်အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ၁၈၀၀ ဦးကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

လုံခြုံရေးဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင် အရာရှိ ၂၅၁ ဦး၊ အခြားအဆင့် ၁၂၈၂ ဦး၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အရာရှိ ၃၃ ဦး၊ အခြားအဆင့် ၂၉၉ ဦး ပါဝင်ကြောင်း၊ ယင်းအပြင် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်မြို့များရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာန၊ ကြက်ခြေနီနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်း အရာရှိ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောဆိုသည်။ 

“တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူများ အနှောင့်အယှက်ကင်းကင်းနဲ့ စာမေးပွဲဖြေနိုင်ဖို့နဲ့ အုပ်ထိန်းသူတွေ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်၊ စာမေးပွဲဖြေစဉ် ကျန်းမာရေး ချို့ယွင်းလာရင်လည်း အချိန်မီကုသနိုင်ဖို့ လူနာတင်ယာဉ်တွေနဲ့ လူမှုရေးအဖွဲ့တွေ ချိတ်ဆက်ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။ 

စာမေးပွဲဖြေဆိုသူများ စိတ်အနှောင့်အယှက် မဖြစ်စေရေး၊ အထိတ်တလန့် မဖြစ်စေရေးအတွက် မတော်တဆဖြစ်စဉ်များနှင့် မီးဘေးအခြေအနေများ၌ အရေးပေါ်ကားများ ဥဩဆွဲခြင်း မပြုရန်၊ အလှူခံများ အသံချဲ့စက်ဖွင့်ခြင်း မပြုရန်၊ အရက်ဆိုင်များ သတ်မှတ်ချိန်အတွင်း ရောင်းချရန်၊ စီတန်းလှည့်လည် ဆန္ဒပြခြင်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ရန်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံနှင့် လပွတ္တာခရိုင်ရှိ မြို့နယ်များတွင် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ၂၄၈ ခု ရှိပြီး စာမေးပွဲဖြေဆိုသူ ရှစ်သောင်းကိုးထောင်ကျော် ရှိကြောင်း၊ စာမေးပွဲကို မတ်လ ၇ ရက်မှ မတ်လ ၁၆ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။ 

R-12



FOLLOW US