News

POST TAGGED AS

လုံခြုံရေး

ဧရာဝတီတိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်ဝတ်စုံများ အသွင်တူဝတ်ပါက အရေးယူမည်


ပုသိမ်၊ ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ အသွင်သဏ္ဌာန် ယူနီဖောင်း (တူညီဝတ်စုံ) များ ဝတ်ဆင်ခြင်း၊ လုံခြုံရေးအဖွဲ့အစည်းများ အသုံးပြုသည့် ရော်ဘာလက်ကိုင်တုတ်၊ စကားပြောစက်များကို ကိုင်ဆောင်ပါက ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်က ပြောကြားသည်။

“ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ဇန်နဝါရီလ ၁၇ ရက်က ကြေညာချက် ထုတ်ပြန်ထားပြီးပါပြီ၊ ဒီကြေညာချက်အတိုင်းပဲ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာပါ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တူညီဝတ်စုံ (ယူနီဖောင်း) အတိုင်း ဝတ်ဆင်တဲ့မည်သူ့ကိုမဆို အရေးယူဆောင်ရွက်သွားမှာပါ၊ ခြွင်းချက်မရှိပါဘူး”ဟု ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီ ၁၄ ရက်က တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် “နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများဖန်တီးဝတ်ဆင်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ” အခမ်းအနားတွင် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးက အထက်ပါအတိုင်း ပြောကြားသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်များ၊ စတိုးဆိုင်များ၊ ကုန်တိုက်များနှင့် ယာဉ်လိုင်းများမှ ကိုယ်ပိုင်လုံခြုံရေးများ ထားရှိထားကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များ၏ ဝတ်စုံများအတိုင်း ဝတ်ဆင်ဆောင်ရွက်နေကြသည်များရှိကြောင်း၊ အချို့သော သတင်းမီဒီယာများနှင့် လူမှုကူညီရေးအဖွဲ့များကလည်း ဝတ်ဆင်မှုများရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးက ပြောသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များသာ ကိုင်တွယ်အသုံးပြုရမည့် လုံခြုံရေးဆိုင်ရာ အသုံးအဆောင်များ(ဥပမာ- ရော်ဘာတုတ်၊ ကျဉ်စက်၊ စကားပြောစက်) ကို ကိုင်တွယ်အသုံးပြုနေကြကြောင်း၊ အဆိုပါကိစ္စရပ်များသည် ဥပဒေကို ဖောက်ဖျက်ရာရောက်နေသဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ အသုံးအဆောင်များကို မဖြစ်မနေကိုင်တွယ်အသုံးပြုလိုပါက တရားဝင်ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့အရာရှိများ ဝတ်ဆင်သည့် ဦးထုပ်ဆောင်းခြင်းကိုမူ လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဘာတွေမှန်း၊ ဘယ်သူတွေမှန်းမသိအောင်ကို ဝတ်နေကြတာတွေ့ရတယ်၊ ရွာတွေမှာဆို ရဲလိုလို၊ လုံခြုံရေးအထူးတပ်ကလိုလို ဝတ်ပြီးသွားလာနေကြတာပဲ၊ အခုအရေးယူမယ်ဆိုတာ သိပ်ကိုကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ”ဟု ချောင်းသာ ဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်ဆင်ခြင်းများသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၇၁၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ - ၆ (၃) (က) ကို ကျူးလွန်ရာရောက်ကြောင်း၊ အဆိုပါဖြစ်စဉ်များကိုတွေ့ရှိပါက နီးစပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးများ၊ ရဲစခန်းများနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံး အရေးပေါ်ဖုန်း ဝ၄၂ - ၂၃၈၈၄ ထံ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်းပေးမှုမှန်ကန်ပါက ချက်ချင်း အရေးယူမည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန် ယူနီဖောင်းများ ဖန်တီးဝတ်ဆင်မှုပပျောက်စေရန် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ မြို့ပေါ်များထက် ကျေးလက်တောရွာများတွင် ပိုမိုဖြစ်ပေါ်နေသဖြင့် ပြည်သူများအနေနှင့် သတင်းပေးပို့နိုင်ပါရန် အသိပေးထားကြောင်း အဆိုပါရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်က တနင်္သာရီတိုင်း မြိတ်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် ရောထွေးနေသည့် ယူနီဖောင်းအရောင်များကို မဝတ်ဆင်ရန် လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဟိုတယ်လုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့က အသိပေးခဲ့သည်။

R-11



FOLLOW US