News

POST TAGGED AS

လုံခြုံရေး

ရဲတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်ရှိ အရာထမ်း အုပ်ချုပ်ရေးမှူးများအတွက် လုံခြုံရေးပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်တွင် ရခိုင်ပြည်နယ်ရှိ အရာထမ်း အုပ်ချုပ်ရေးမှူးများအတွက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးပေးလျက်ရှိကြောင်း ပြည်နယ်အဆင့် လုံခြုံရေးကွပ်ကဲမှု တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး မြို့နယ်နှင့်ခရိုင်အလိုက် အုပ်ချုပ်ရေးမှူးများ ရုံးတက်၊ ရုံးဆင်းချိန်တွင် လုံခြုံရေး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ ဆက်လက်သိရသည်။ 

လက်ရှိပြည်နယ် အစိုးရရုံး၊ ခရိုင်နှင့် မြို့နယ် အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ၁၀၀ ကျော်ကို ရုံးဆင်း ရုံးတက်ချိန်များ၌ လုံခြုံရေး ကွပ်ကဲဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

“လိုအပ်ချက်အရ ညှိနှိုင်းပြီးတော့ လုံခြုံရေး ယူပေးတာပါ။ ဒီနယ်မြေမှာ ပညာရေး ဝန်ထမ်းတွေဆိုလည်း ပုံမှန် လုံခြုံရေး လုပ်ပေးတာ ရှိတာပဲ။ အဓိက ရုံးတက်ရုံးဆင်း စောင့်ကြပ်ပေးတဲ့သဘောပါ”ဟု ၎င်းကဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူစုလူဝေးများ ဖြစ်ပေါ်လျှင် လုံခြုံရေး တာဝန်ရယူထားသော အဖွဲ့အစည်းများနှင့် ထိပ်တိုက်မတွေ့စေရန် မြို့နယ်အလိုက် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို အထွေထွေ အုပ်ချုပ်ရေးမှူးများကကွပ်ကဲ၍ ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင် ဖွဲ့စည်းပေးထားသည်။

အဆိုပါ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဖွဲ့စည်းပုံအရ မြို့နယ်တစ်မြို့နယ်လျှင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းနှင့် လူမှုရေးအဖွဲ့များ၊ ဒေသခံများကို ထည့်သွင်းထားပြီး အဖွဲ့ဝင်ဦးရေ ၆၀ ခန့်ပါဝင်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရခိုင်ပဋိပက္ခကို ပြည်ထောင်အစုအဆင့်က ဦးဆောင် ဖြေရှင်းနေတယ်။ ပြည်နယ်အစိုးရကလည်း လုံခြုံတည်ငြိမ်ဖို့ လုပ်တယ်။ အုပ်ချုပ်ရေး ဝန်ထမ်းမိသား စုဝင်တွေကို လုံခြုံအောင်ပါ။ သီးခြား လုပ်ပေးတာမျိုးတော့ မဟုတ်ပါဘူး”ဟု ရခိုင်ပြည်နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

လတ်တလောတွင် နေရပ်စွန့်ခွာ ထွက်ပြေးသော ဘင်္ဂါလီများ ပြန်လည် လက်ခံရေးအတွက် ပြည်ထောင်စုအစိုးရက စီစဉ်နေရပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် မြောက်ဦးမြို့နယ်တွင် ဒေသခံများနှင့် လုံခြုံရေး အဖွဲ့အစည်းများ ဖြစ်ခဲ့သည့်ပဋိပက္ခ အပါအဝင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရသောဖြစ်စဉ်တို့ကြောင့် နယ်စပ်လုံခြုံရေး အပါအဝင် ရန်ကုန်- စစ်တွေ ကားလမ်းနှင့် မြို့နယ်နှင့်ခရိုင်တို့တွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

J-17



FOLLOW US