News

POST TAGGED AS

လုံခြုံရေး

စစ်တွေလုံခြုံရေး အရေးပေါ် တိုးမြှင့်

စစ်တွေ၊ ဇန်နဝါရီ ၂၀ 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြောက်ဦး ဖြစ်စဉ်ကြောင့် လူထုဆူပူအုံကြွကာ တည်ငြိမ်အေးချမ်းရေး အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးကဆိုသည်။ 

ထိုသို့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်လုံး၌ တိုးမြှင့်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တွေမြို့မှာ ၁၀ နေရာဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

“ကျွန်တော်တို့ ရထားတဲ့သတင်းတွေကတော့ လက်နက်ကိုင်အဖွဲ့တွေက ဖောက်ခွဲမှုတွေ ပြုလုပ်နိုင်တယ်။ လူထုကို ဆူပူအုံကြွအောင် လုပ်မယ့်သူတွေက စောင့်ကြည့်ပြီးတော့ လုပ်နိုင်တဲ့ အနေအထား ရှိတယ်”ဟု ရဲမှူးကြီးကပြောသည်။ 

လက်ရှိအချိန်တွင် မြောက်ဦးမြို့နယ်၌ တည်ငြိမ်အေးချမ်းနေပြီး ပြည်သူများမှာလည်း အေးချမ်းစွာ လုပ်ကိုင်စားသောက် ရောင်းဝယ်နေလျက်ရှိကြောင်း ဆိုသည်။ ထိုသို့ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ခြင်းသည် ဒေါက်တာအေးမောင် ဖမ်းဆီးခံရခြင်းနှင့် မြောက်ဦးဖြစ်စဉ်တို့ကြောင့် လူထုဆူပူမည်ကို အစိုးရိမ်လွန်ခြင်းဟု ဒေသခံများက ဆိုကြသည်။ 

မြောက်ဦးဖြစ်စဉ်အတွင်း ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်သား သေဆုံးမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။ 

R-22



FOLLOW US