News

POST TAGGED AS

လုံခြုံရေး

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ ယူနီဖောင်းနှင့် ဆင်တူသည်များ ဝတ်ဆင်ပါက အရေးယူမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပုဂ္ဂိလက လုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များမှ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ ယူနီဖောင်းနှင့် ဆင်တူသည့် ဝတ်စုံများကို ဝတ်ဆင်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ ဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ သိရသည်။

ပြည်ထဲဝန်ထမ်းမဟုတ်ဘဲ ပုဂ္ဂိလက လုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များက နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍန်ဖြင့် ယူနီဖောင်းများ ဝတ်ဆင်အသုံးပြုနေသောကြောင့် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေအရ အရေးယူသွားရန် ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ရာထူးအဆင့်ရှိသူ တစ်ဦးက ပြောသည်။

“သူတစ်ပါးက ယုံကြည်စေလာအောင် ရည်ရွယ်ပြီး ပြည်သူ့ဝန်ထမ်း ဝတ်ဆင်တဲ့ ယူနီဖောင်းတွေ၊ အမှတ်အသားနဲ့ တံဆိပ်တွေကို အသုံးပြုနေသူတွေ ရှိနေတာကြောင့် ဒီထုတ်ပြန်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) အရ မည်သူမဆို ပိတ်ပင်တားမြစ်ထားသည့် နေရာသို့ ဝင်ရောက်ခွင့်ရလိုသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ဝင်ရောက်ခွင့်ရရှိအောင် သူတစ်ပါးကိုကူညီလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အခြားအရာထမ်း၊ အမှုထမ်းများသက်ဆိုင်သည့် ဝတ်စုံကိုဖြစ်စေ၊ အဆိုပါဝတ်စုံနှင့် ပုံသဏ္ဍန်တူသော ဝတ်စုံကိုဖြစ်စေ အသုံးပြုလျှင် ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

ယင်းအသိပေး ထုတ်ပြန်ချက်မတိုင်ခင် နေပြည်တော်ရှိ အေလာလေဆိပ်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါတစ်စုထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီးနောက် ၎င်းပိုင် ACE ကုမ္ပဏီနှင့် ဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ ဝတ်ဆင်အသုံးပြုသည့် ဝတ်စုံများနှင့် အသွင်သဏ္ဍန်တူသည့် ဝတ်စုံများကို သိမ်းဆည်းရမိခဲ့သည်။

S-03



FOLLOW US