News

POST TAGGED AS

လုံခြုံရေး

အီဂျစ်နိုင်ငံရှိ ဗလီတစ်လုံးကို စစ်သွေးကြွများ အကြမ်းဖက် တိုက်ခိုက်၊ ဝတ်ပြုဆုတောင်းသူ ၃၀ဝ ကျော်သေဆုံး

ကိုင်ရို၊ နိုဝင်ဘာ ၂၅

အီဂျစ်နိုင်ငံ မြောက်ပိုင်းဆိုင်းနိုင်းက မြို့တစ်မြို့ရှိ ဗလီတစ်ခုကို အကြမ်းဖက် စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၀၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် အီဂျစ်နိုင်ငံ၏ မော်ဒန်သမိုင်းကြောင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးအဖြစ် သတ်မှတ်၍ ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

စစ်သွေးကြွများသည် သောကြာနေ့ (အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုဆုတောင်းသည့်နေ့)က ဗလီထဲ၌ ဝတ်ပြုဆုတောင်းသူများ စုဝေးနေချိန်တွင် ဝင်ရောက်လာပြီး ဗုံးတစ်လုံး ဖောက်ခွဲခဲ့ပြီး သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့် အကြမ်းဖက်အုပ်စုကမျှ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ သို့သော် အီဂျစ်လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၁၃ ခုနှစ်ကစတင်ကာ သဲကန္တာရဒေသရှိ IS စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းခဲ့ကြသလို IS တို့ကလည်း အီဂျစ်ရဲတပ်ဖွဲ့နှင့် စစ်သား ရာပေါင်းများစွာကို တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။ 

ထိုမြို့ ဗလီ တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာ ရသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို နိုင်ငံပိုင် မီဒီယာက ရိုက်ကူးတင်ပြခဲ့သည်။ 

အာဏာပိုင်များ အဆိုအရ ဝတ်ပြုဆုတောင်းသူများသည် သောကြာနေ့က ယင်းဗလီတွင် ဆုတောင်းမှုပြုပြီးချိန်၌ အဆိုပါ အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ မျက်မြင် သက်သေများ အဆိုအရ သေနတ်သမား ၄၀ ခန့်သည် ဂျစ်ကားများဖြင့် ရောက်ရှိလာပြီးနောက် ဗလီအပြင်ဘက်မှနေ၍ ပစ်ခတ်ခဲ့ကြောင်း၊ ဗလီတွင်းမှ ထွက်ပြေး လွတ်မြောက်နိုင်ရန် ကြိုးပမ်းသူများကိုလည်း ပစ်ခတ်ခဲ့ကြကြောင်း သတင်းများက ဆိုသည်။ 

“သေနတ်သမား အုပ်စုလေးစုက ဗလီထဲက ဝတ်ပြုဆုတောင်းသူတွေကို တိုက်ခိုက်ခဲ့ကြတာ၊ သောကြာနေ့ နေ့ခင်းဘက်ကပါ။ အုပ်စုနှစ်စုက အရေးပေါ် သူနာပြု ယာဉ်တွေလာတာကို ပစ်ခတ် တိုက်ခိုက်ကြတယ်”ဟု မိုဟာမက်ဆိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောကြားသွားသည်။ 

အီဂျစ်လုံခြုံရေး အာဏာပိုင်အဖွဲ့၏ အစောပိုင်း ကြေညာချက် ထုတ်ပြန်ရာတွင် လူပေါင်း ၂၃၅ ဦး သေဆုံးသွားပြီး ၁၀၉ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဖော်ပြသည်။ 

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အီဂျစ်စစ်တပ်က ဘီယာ အယ်လ်အာဘက်ဒေသ အနီးတစ်ဝိုက်ရှိ တောင်ထူထပ်သော နေရာများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုတွင် အသုံးပြုခဲ့သည့် ကားများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် အဆိုပါ ထိုးစစ်အတွင်း စစ်သွေးကြွဦးရေ မည်ရွေ့မည်မျှအား ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ကို စစ်တပ်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

“လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ အင်အား အထူးတိုးမြှင့်ပြီး နိုင်ငံလုံခြုံရေးကို တာဝန်ယူနေပါတယ်။ ကျုပ်တို့ကို တိုက်ခိုက်သွားတဲ့သူတွေကို အစွမ်းကုန် လက်တုံ့ပြန်သွားမှာပဲ ဖြစ်တယ်”ဟု အီဂျစ်သမ္မတ အက်ပ်ဒဲလ်ဖာတာအယ်လ် စီစီက ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားသွားသည်။ 

“အခု ဘာဖြစ်နေတာလဲဆိုတော့ ဒါဟာ အကြမ်းဖက်ဝါဒကို တိုက်ခိုက် ချေမှုန်းနေတဲ့ ကျုပ်တို့ရဲ့ ကြိုးပမ်းချက်တွေကို ရပ်သွားအောင်၊ ဒီဒေသမှာ ကျန်ရစ်တဲ့အရာတွေကို ဖျက်ဆီးမယ့် ဒုစရိုက်အစီအစဉ်တွေကို ရပ်ဆိုင်းအောင် ကြိုးပမ်းလုပ်ဆောင်နေမှုတွေကို ဖျက်ဆီးဖို့ လုပ်တာပါပဲ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

F-01



FOLLOW US