News

POST TAGGED AS

လုံခြုံရေး

မန္တလေးမြို့ သီတင်းကျွတ်ပွဲတော်ကာလ လုံခြုံရေး တိုးမြှင့်ရန်စီစဉ်

မန္တလေး၊ စက်တင်ဘာ ၂၇

မန္တလေးမြို့တော်ရှိ လူစည်ကားရာ ဘုရားစေတီပုထိုးများတွင် သီတင်းကျွတ်ပွဲတော်ကာလအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် စီစဉ်နေကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

မန္တလေးမြို့တော်အတွင်း၌ လက်ရှိတွင်လည်း၂၄ နာရီပတ်လုံး နေ့စဉ် လုံခြုံရေး ဆောင်ရွက်လျက်ရှိကာ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ဘုရားစေတီများ၌ ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် တာဝန် ထမ်းဆောင်ကြမည်ဟု ၎င်းက ပြောဆိုသည်။ 

“နေ့စဉ် ဆောင်ရွက်နေတဲ့ လှည့်ကင်း၊ ပတ်ကင်းတွေကတော့ ပုံမှန် လုပ်နေမှာဖြစ်ပါတယ်။ သီတင်းကျွတ်ပွဲတော်ကာလ လူစည်ကားတဲ့ ဘုရားတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်ဝတ်နဲ့ လုံခြုံရေး တာဝန် ထမ်းဆောင်ရမှာပါ”ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်မှုများရှိနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ မန္တလေးမြို့တော်အတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ဝ၀ ခန့်ဖြင့် ၂၄ နာရီအပြည့် လုံခြုံရေးဆောင်ရွက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့၏ ပုံရိပ်တစ်ခုဖြစ်သည့် မန္တလေးတောင်တော်တွင် သီတင်းကျွတ် ပွဲတော် (အဘိဓမ္မာ အခါတော်နေ့) တွင် အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်သော ဗြောက်အိုး၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်စေရန် လုံခြုံရေး အထူး တင်းကျပ်မည်ဖြစ်ကြောင်း ယင်းတောင်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။ 

“အရင်နှစ်တွေကတော့ ရင်ပြင်တော်အတွင်းမှာ ဗြောက်မဖောက်ဖို့ ကန့်သတ်ခဲ့တာ။ ဒီနှစ်တော့ တောင်တစ်ခုလုံးမှာ ဗြောက်မဖောက်ဖို့၊ မီးရှူးမီးပန်း မဖောက်ဖို့ တားမြစ်သွားမယ်။ လုံခြုံရေး ဂရုစိုက်နေရတဲ့အချိန်မှာ မန္တလေးရဲ့ အထင်ကရနေရာမှာ မလိုလားအပ်တာတွေ ဖြစ်မလာအောင် လုံခြုံရေး တင်းကျပ်ပါမယ်”ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

မကြာမီရက်ပိုင်းအတွင်း သီတင်းကျွတ်ပွဲတော် ရောက်တော့မည်ဖြစ်ရာ ပြည်သူများအနေနှင့် ဘုရားကျောင်းကန်များတွင်လည်း ညအချိန်များတွင် ဆီမီး ပူဇော်မှုများ ပြုလုပ်ကြမည်ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။

M-04



FOLLOW US