News

POST TAGGED AS

လုံခြုံရေး

မောင်တောရှိ နေရပ်စွန့်သူများအတွက် စားနပ်ရိက္ခာ လိုအပ်
ရန်ကုန်၊ ဩဂုတ် ၂၉

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှု ဖြစ်ရပ်များကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့နှင့်နီးသော ကျေးရွာများမှ ဒေသခံ ငါးထောင်ခန့်သည် မောင်တောမြို့ပေါ်ရှိ နေရာလေးခုတွင် ခိုလှုံနေရပြီး ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များသို့လည်း ဒေသခံ ထောင်သောင်းချီ ထွက်ပြေးနေရကြောင်း မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့ စာရင်းကိုင် ကိုသန်းဇော်ဦးက ပြောကြားသည်။

မောင်တောမြို့သို့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများသည် မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်၊ အမှတ် (၃) စာသင်ကျောင်း၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနှင့်  လေးမိုင် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေရကြောင်း အရပ်ဘက်အဖွဲ့များထံမှ သိရသည်။

“ဒီမှာက ဘင်္ဂါလီရန်ကိုကြောက်ပြီးတော့ ရွာတွေကလူတွေက မြို့ပေါ်ကိုတက်ပြီး ခိုလှုံနေကြတာပါ။ လတ်တလော အခြေအနေကတော့ မြို့နဲ့နီးစပ်တဲ့နေရာတွေက လူတွေပဲ ရောက်နေကြပါတယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ လူတွေကတော့ အခုထိ လာလို့ မရသေးပါဘူး။ ပိတ်မိနေတဲ့ သဘောပါ”ဟု ကိုသန်းဇော်ဦးက ပြောကြားသည်။

မောင်တောမြို့နှင့် ဝေးသော ကျေးရွာများမှ ဒေသခံများသည် မောင်တောမြို့ပေါ်သို့ လာရောက်ရန် လမ်းများတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်မှုများ ရှိနေသေးကြောင်း၊ ကားများဖြတ်သန်းသွားလာရန် စိတ်ချရသည့် အခြေအနေ မရှိသေးကြောင်း၊ အုပ်စုလိုက်မဟုတ်ဘဲ တစ်ဦးချင်း သွားလာရာတွင် အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုများ ရှိနေကြောင်း မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။

“သူတို့ဆီက ဖုန်းဆက်တယ်။ သူတို့နေရတာ လုံခြုံရေးက အားနည်းနေတယ်။ စားနပ်ရိက္ခာ ပြတ်နေကြပြီလို့ ပြောတယ်။ ကျွန်တော့်ဆီကလည်း စားနပ်ရိက္ခာက အဆင်မပြေဘူး။ ပို့ပေးရမယ် ဆိုရင်လည်း ကားတွေက ထွက်လို့ မရဘူး။ လမ်းတွေလည်း ပိတ်နေတယ်။ အဲ့ဒီနေရာတွေက မြို့နဲ့ မိုင် ၂၀ လောက် ဝေးတယ်”ဟု ကိုသန်းဇော်ဦးက ရှင်းပြပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့သည် မောင်တောမြို့ပေါ် ကယ်ဆယ်ရေးစခန်းများနှင့် တောင်ပြိုလက်ဝဲကျေးရွာရှိ စုရပ်များသို့ သွားရောက်တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မောင်တောမြို့ရှိ ကျေးရွာအချို့တွင် ပိတ်မိနေသည့် ရွာသူရွာသားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ရိက္ခာမပြတ်လပ်ရန် စားနပ်ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး ပိတ်မိနေသူများကို ကယ်ဆယ်သွားမည်ဟု မီဒီယာများကို ပြောကြားထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ရဲကင်းနှင့် ရဲစခန်း ၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

J-09



FOLLOW US