News

POST TAGGED AS

လုံခြုံရေးကောင်စီ

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး ပြိုလဲပျက်စီးမည့်အန္တရာယ်ရှိဟု လူ့အခွင့်အရေးအကြီးအကဲ သတိပေး


ကုလသမဂ္ဂ၊ ဩဂုတ် ၂၁

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ အာဏာအလွန်အကျွံအသုံးချမှုများကြောင့် အဖွဲ့ကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇာအစ်အက်အယ်လ်ဟူစိန်က စိုးရိမ်တကြီး ထုတ်ဖော်သတိပေးလိုက်ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုဟူသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံသည် လုပ်ငန်းဆောင်တာများ အလွန်အမင်း များပြားအောင် လုပ်ဆောင်နေကြကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် အခြားကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ရေးဆွဲတင်သွင်းသည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးကာ ဖယ်ရှားနိုင်သောကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇာအစ်အက်အယ်လ် ဟူစိန်က ယမန်နေ့က ဂျနီဗာမြို့တွင် ပြောကြားသည်။ 

“သူတို့ ပူးပေါင်းတယ်ဆိုရင် ကိစ္စဝိစ္စတွေ လုပ်လို့ရတယ်၊ အဲ... ဒါပေမဲ့ သူတို့ မပူးပေါင်းနိုင်ကြဘူးဆိုရင် အရာအားလုံး တစ်ဆို့ကုန်ပါရော။ အဖွဲ့တစ်ခုလုံးကို ခြုံပြီးပြောရမယ်ဆိုရင် ကုလသမဂ္ဂဟာ အဲဒီလိုကြောက်စရာကောင်းတဲ့ ပဋိပက္ခတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အင်မတန်သံသယဖြစ်စရာကောင်းလာတယ်” ဟု ၎င်းကဆိုသည်။ 

“အဲဒါကို အပြောင်းအလဲလုပ်ပစ်ရမယ်။ အဲဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် နောက်ဆုံးမှာ အဖွဲ့ကြီးပြိုလဲသွားနိုင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးရလိမ့်မယ်” ဟု ၎င်းက ဆက်လက်အကြံပေးသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်ပြီး မဲတစ်မဲစီပေးနိုင်သည်။ သို့သော် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံသာ တင်သွင်းလာသောဆုံးဖြတ်ချက်များကို တစ်ဖက်သတ်ပယ်ချနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ရှိထားသည်။ 

မစ္စတာဇာအစ်အက် အယ်လ်ဟူစိန်က ဩဂုတ်လကုန်တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 

ဇာအစ်အက်အယ်လ်ဟူစိန်သည် တုတ်ထိုးအိုးပေါက် ပြောဆိုဝေဖန်တတ်သည့် ကုလသမဂ္ဂအရာရှိကြီးတစ်ဦးအဖြစ် လူသိများသည်။ ၎င်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖိလစ်ပိုင်သမ္မတဒူတာတေးတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အတော်များများကိုလည်း တည့်တိုးဝေဖန်လေ့ရှိခဲ့သည်။ 

လူ့အခွင့်အရေးအကြီးအကဲ ဇာအစ်အက်အယ်လ်ဟူစိန်၏ သတိပေးသုံးသပ်ချက်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆော်ဩမှုများကိုကြည့်လျှင် ကုလသမဂ္ဂတွင် ဆီးရီးယားစစ်ပွဲနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်မှု စသည်ကဲ့သို့သော အရေးကိစ္စကြီးများနှင့်ပတ်သက်၍ ချို့ယွင်းအားနည်းချက်များစွာရှိနေသောအချက်ကို ဖော်ပြရာရောက်သည်။ 

ဇာအစ်အက်အယ်လ်ဟူစိန်က ယခုအခါ ဒုတိယကမ္ဘာစစ်ကာလက ရရှိခဲ့သောသင်ခန်းစာများသည် မှေးမှိန်ပျောက်ကွယ်လာသည့်သဘောသို့ ရောက်ရှိနေသည်ဟုလည်းဆိုသည်။ 

“ကျွန်တော့်အမြင် ပြောရရင် သမိုင်းကြောင်းဆိုင်ရာ ကြောက်မက်ဖွယ်အတွေ့အကြုံတွေ ရှိခဲ့တယ်ဆိုပေမယ့်လည်း အဲဒီသမိုင်းမျိုး တစ်ကျော့ပြန်မဖြစ်အောင် လုပ်နိုင်မယ့် အင်စတီကျူးရှင်းတွေ အားနည်းလာအောင် လုပ်နေကြတယ်။ နိုင်ငံအတော်များများမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ နိုင်ငံရေးသမားမျိုးဆက်တစ်ဆက်၊ နှစ်ဆက်ကြောင့် ပျက်စီးပြိုလဲရမယ့် အခြေအနေမျိုးထဲကို ရောက်နေတယ်” ဟုလည်း သတိပေးပြောကြားသည်။ 

ဇာအစ်အက်အယ်လ်ဟူစိန်၏ လူ့အခွင့်အရေး မဟာမင်းကြီးရာထူးနေရာတွင် ယခင်ချီလီသမ္မတဟောင်း မစ်ရှဲလ်ဘာချက်က အစားထိုးဝင်ရောက်မည်ဖြစ်သည်။

F-01



FOLLOW US