News

POST TAGGED AS

လူသေအလောင်း

နမ္မတူတွင် TNLA/SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၎

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းလက်နက်ကိုင်များဖြစ်ကြသည့် တအာင်းပလောင်အဖွဲ့ (TNLA/SSPP) ပူးပေါင်းအဖွဲ့များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာ၊ ပန်ကိုင်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အဆိုပါ ဒေသခံ ရွာသားများအနေနှင့် သီပေါ၊ နမ္မတူစသည့် နီးစပ်ရာ မြို့များသို့ စစ်ဘေးရှောင်နေကြရကြောင်း နမ္မတူမြို့ခံ ပရဟိတအဖွဲ့များထံမှ သိရသည်။

ပန်လုံကျေးရွာနှင့် ပန်ကိုင်တို့တွင် စက်တင်ဘာလ ၃ ရက်၊ ၄ ရက် စသည့် နေ့ရက်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

နေရပ်စွန့်ခွာသူများ အရေအတွက် တစ်ထောင်ကျော်ခန့်ရှိပြီး ပရဟိတအဖွဲ့များနှင့် လူမှုရေးအသင်းများက ထောက်ပံ့ထားကြောင်း ကူညီမှုလုပ်ဆောင်နေသည့် ကိုမိုးဇော်က ပြောကြားသည်။

TNLA/SSPP နှင့် RCSS တပ်များသည် ပန်လုံကျေးရွာအနီးတစ်ဝိုက်တွင် တပ်လှုပ်ရှားမှုများ ပြုလုပ်နေကြပြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁ ရက်က တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ၏ တရားဝင်သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် နမ္မတူမြို့နယ်အတွင်း TNLA/SSPP ပူးပေါင်းအဖွဲ့များက ယင်းဒေသသို့ ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) စခန်းများကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည့် တအာင်းပလောင် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် အပစ်ရပ် NCA ကို မထိုးရသေးသည့် အဖွဲ့များဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုထားသည့် အဖွဲ့ဖြစ်ပြီး NCA ရေးထိုးပြီးနောက်ပိုင်း နယ်မြေအငြင်းပွားမှုများကြောင့် မြောက်ပိုင်းအဖွဲ့တွင် ပါဝင်သည့် TNLA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

J-08



FOLLOW US