News

POST TAGGED AS

လူသေအလောင်း

06-Aug-2018

လူသေအလောင်း
ငမိုးရိပ်ချောင်းထဲမှ အမျိုးသားအလောင်း နှစ်လောင်းတွေ့
ရန်ကုန်၊ သြဂုတ် ၆

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၄ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းတွင် သြဂုတ်လ ၅ ရက် နံနက် ၁၁ နာရီက အမျိုးသားနှစ်ဦး၏အလောင်းကို ပတ်ဝန်းကျင်နေသူများက စတင်မြင်တွေ့ခဲ့ပြီးနောက် ရုပ်အလောင်းများကို ဆေးရုံသို့ပို့အပ်ပြီး သေမှုသေခင်း အမှတ်စဉ် ဖွင့်လှစ်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမည်မသိ အမျိုးသားအလောင်းနှစ်လောင်းကို ယင်းရပ်ကွက် စီးပွားရေးဖွံ့ဖြိုးမှုဇုန်၊ စက်မှုဇုန် (၆)လမ်း အနောက်ဘက်ရှိ ငမိုးရိပ်ချောင်းကမ်းစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ဘယ်ညာတွင် ဆေးမှင်ကြောင် အပြည့်ရေးထိုးထားပြီး ရောင်စုံကွက် တီရှပ်လက်တို ဝတ်ဆင်ထားသည့် အသက် ၃၀ နှစ်ဝန်းကျင်ရှိသော အမျိုးသားအလောင်းကို စတင်မြင်တွေ့ခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

အဆိုပါအလောင်းကို တွေ့ရှိသည့်နေရာနှင့် ၁၅ ပေခန့်အကွာ ငမိုးရိပ်ချောင်းကမ်းစပ် ဒိုက်ပင်များကြားတွင် လက်မောင်း ဘယ်ညာနှစ်ဖက်တွင် ဆေးမှင်ကြောင်များ ထိုးထားပြီး အဝတ်ဗလာဖြင့် သေဆုံးနေသော အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“သေဆုံးသူ နှစ်ယောက်လုံးမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ဘူး။ ဆေးမှင်ကြောင်တွေတော့ နှစ်ယောက်လုံး ထိုးထားကြတယ်။ အခုအချိန်ထိ သေဆုံးသူ မည်သူမည်ဝါဆိုတာ မသိရသေးသလို လတ်တလော ဒီအမှုကို သေမှုသေခင်းရေးဖွင့်ပြီးတော့ပဲ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ရဲအရာရှိကရှင်းပြသည်။

အဆိုပါ ပုပ်ပွသေဆုံးနေသည့် အမည်မသိ အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၈/၁၈၊ ၁၉/၁၈ ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US