News

POST TAGGED AS

လူသတ်မှု

သီလရှင်နှစ်ပါးနှင့်ရဟန်းတစ်ပါးကို ဓားဖြင့် ခုတ်သတ်သည်ဟုဆိုသော အမျိုးသားကို တရားစွဲ
ရန်ကုန်၊ ဩဂုတ် ၁၂ 

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာတွင် သီလရှင်နှစ်ပါးနှင့် ရဟန်းတစ်ပါးကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်ခဲ့သည်ဟုဆိုသော အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ဩဂုတ်လ ၉ ရက် မွန်းလွဲ ပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

တရားစွဲဆိုခံရသူမှာ အထက်ပါ လိပ်စာတွင်နေထိုင်သူ ဦးသောင်းအေးဖြစ်ပြီး ၎င်းနေထိုင်ရာ အိမ်နှင့်ဘေးချင်း ကပ်လျက်ရှိသော မစိုးရိမ်ကျောင်းတိုက်မှ သီလရှင်နှစ်ပါးနှင့် ရဟန်းတစ်ပါးတို့သည် ကလေးငယ်သုံးဦးအား သူခိုးဟု စွပ်စွဲပြောဆိုခြင်း၊ ဆောင်းဘောက်ဖြင့် အသံကျယ်လောင်စွာဖွင့်သည့် ကိစ္စဖြင့် စကားများရန်ဖြစ်ခြင်း၊ ၎င်း နေထိုင်ရာ အိမ်မှ ထွက်ခွာသွားရန် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ဇူလိုင်လ ၁၁ ရက် ညပိုင်းက ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင် ရဲစခန်းသို့ လာရောက်ဖမ်းဆီးခံကာ ဖြောင့်ချက်ပေးရာက တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူသတ်တာက ၁၁ ရက်ညပိုင်းက၊ လာအဖမ်းခံတာက ၁၄ ရက်နေ့၊ အခင်းဖြစ်တဲ့နေရာနဲ့ ရဲစခန်းက အလှမ်းဝေးတယ်၊ ပြီးတော့ အခင်းဖြစ်နေရာကလည်း လူနေအိမ်သိပ်မများတဲ့အတွက် မသိလိုက်ကြဘူး၊ ကိုယ်တိုင်အဖမ်းခံ၊ ဝန်ခံချက်ပေးမှပဲ အလောင်းတွေသွားစစ်၊ ဆေးရုံပို့လုပ်ပြီး အမှုဖွင့်အရေးယူခဲ့ရတာ၊ အခုတော့ တရားစွဲလိုက်ပါပြီ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းဓားနဲ့ခုတ်သတ်ခဲ့သူများမှာ အသက် ၅၄ နှစ် ဝါတော် ၃၂ ဝါရှိ ဦးစန္ဒောဘာသ၊ အသက် ၅၆ နှစ် ဝါ ၅ လ လူအမည် မအိပိုင်(ဘွဲ့အမည် စုံစမ်းဆဲ)နှင့် အသက် ၄၂ နှစ် ဝါတော် ၃၀ ရှိ ဒေါ်ပညာသိင်္ဂီတို့ဖြစ်ပြီး လူသတ်မှုကျူးလွန်သည်ဟုဆိုသော ဦးသောင်းအေးကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ တရားစွဲဆိုခဲ့သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး- ၂ က ဆက်လက်စစ်ဆေးသွားရန် လက်ခံထားသည်။

J-16




FOLLOW US