News

POST TAGGED AS

လူသတ်မှု

အရက်မူးပြီး ရန်ရှာနေသည့် ခင်ပွန်းကို ဇနီးက ဓားဖြင့်ထိုးသတ်
ရန်ကုန်၊ ဇူလိုင် ၃၁

ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄) ရပ်ကွက်၊ ပန်းခြံ(၂၁)၊ ပေါ်ဆန်းမွှေး ၄ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညသန်းခေါင်အချိန်က အရက်မူးပြီး ရန်ရှာနေသည့် အသက် ၃၂ နှစ်အရွယ် ခင်ပွန်းကို ၎င်း၏ဇနီးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရင်အုံတွင် ဓားထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ ဇေယျာလင်းမှာ အခင်းဖြစ်ည ၁၁ နာရီက အရက်မူးပြီး နေအိမ်ပြန်လာစဉ် ထမင်းစားလိုကြောင်းပြောသဖြင့် ၎င်း၏ဇနီး အသက် ၄၇ နှစ် ဒေါ်စိမ့်စိမ့်အေးက ထမင်းစားရန်စီစဉ်ပေးပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ ခဏကြာသော် ခင်ပွန်းဖြစ်သူ ကိုဇေယျာလင်းက ခြင်ထောင်ထဲရှိ ဇနီးသည်၏ခြေထောက်ကိုဆွဲပြီး ရန်ရှာပြောဆိုနေသောကြောင့် ဇနီး ဒေါ်စိမ့်စိမ့်အေးက ဓားဦးချွန်ဖြင့်ထိုးသတ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးက လီဆယ်ထွက်ဆိုခဲ့တယ်။ သူအိပ်ပျော်နေချိန်မှာ သူ့ယောက်ျားက ဒဏ်ရာနဲ့ အိမ် ပြန်လာတယ်။ အိမ်ပေါ်ရောက်မှ သေဆုံးသွားလို့ အစ်မဖြစ်သူကိုခေါ်ပြီး ရဲစခန်းဆီ သတင်းပေးပို့ခဲ့တာလို့ ထွက်ဆိုခဲ့တယ်။ လှော်ကားနယ်မြေ ရဲစခန်းမှူးက ဒီအမှုကိုစစ်ဆေးခဲ့ရာမှာ လူသတ်မှု ကျူးလွန်သူဟာ မစိမ့်စိမ့်အေးဖြစ်နိုင်ကြောင်း မသင်္ကာဖွယ်တွေ စစ်ဆေးတွေ့ရှိတာကြောင့် ဆက်လက်စစ်ဆေးရာက ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

လူသတ်မှု ကျူးလွန်ခဲ့သူဟုဆိုသော ဒေါ်စိမ့်စိမ့်အေးမှာ သေဆုံးသူ ၎င်း၏ခင်ပွန်း ဇေယျာလင်းက အရက် အလွန်အကျွံသောက်စားပြီး နေ့စဉ် ရန်ရှာပြောဆိုလေ့ရှိသောကြောင့် ဒေါသစိတ်ကိုမထိန်းနိုင်ဘဲ နေအိမ်ရှိ စတီးဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကာ ယင်းဓားတွင် ပေကျံနေသည့်သွေးများကို ဆေးကြောပြီး မီးဖိုချောင်တွင် ပြန်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းက ယင်းအမှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US