News

POST TAGGED AS

လူသတ်မှု

ရာအိမ်မှူး ဆွေမျိုးသားချင်းများက တစ်ရပ်ကွက်တည်းနေသူကို ဓားဖြင့် ခုတ်သတ်
ရန်ကုန်၊ ဇူလိုင် ၁၄

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၄၀ ရပ်ကွက်တွင် ရာအိမ်မှူးနှင့် ဆွေမျိုးတော်စပ်သူများက တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးကို နေအိမ်ရှေ့တွင် ဓားများဖြင့် ဝိုင်းခုတ်သတ်ခဲ့ကြောင်း ယင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

ဓားဖြင့် ခုတ်သတ်ခံရသူမှာ အဆိုပါရပ်ကွက် ရတနာမေတ္တာလမ်းတွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုသက်ဝေထူး ဆိုသူဖြစ်ပြီး ဇူလိုင်လ ၁၃ ရက် ည ၉ နာရီက နေအိမ်ရှေ့တွင် ရာအိမ်မှူး ဦးနိုင်ဝင်းနှင့် ဆွေမျိုးသားချင်းများက ဓားဖြင့်ဝိုင်းခုတ်သတ်ခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ညက သေဆုံးသူ ကိုသက်ဝေထူးက အရက်သေစာ သောက်စားထားပြီး ဦးနိုင်ဝင်းနှင့် စကားများရန်ဖြစ်ရာမှ ဓားဖြင့် ဝိုင်းခုတ်ခံရခြင်းဖြစ်ကြောင်း လက်ရှိ (၁၄၀) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့ရာတွင် ပါဝင်ခဲ့သည်ဆိုသော ရာအိမ်မှူး ဦးနိုင်ဝင်းမှာ မုဒိမ်းမှုဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသော (၁၄၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးရန်နိုင်စိုး (ခ) ကရင်လက်ထက်ကတည်းက ရာအိမ်မှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

“လူသတ်မှုမှာပါဝင်တဲ့ ကိုနိုင်ဝင်းက အရင်အုပ်ချုပ်ရေးမှူးဟောင်း ကိုကရင် လက်ထက်ကတည်းက ရာအိမ်မှူး။ အခုလက်ရှိ ကျွန်တော့်လက်ထက်မှာလည်း သူက ရာအိမ်မှူးပါ။ ကိုကရင် လက်ထက်တုန်းကတော့ အခုသေဆုံးသူနဲ့ သူ့အစ်ကိုဖြစ်သူတို့ကို အုပ်ချုပ်ရေးမှူးက တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းဆီးခဲ့ဖူးတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက ဆိုသည်။

ယင်းလူသတ်မှုမှာ မုဒိမ်းမှုဖြင့် တရားခံပြေးဖြစ်နေသော ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း၏ ဖြစ်ရပ်မှန်သတင်းကို သတင်းမီဒီယာထံ အကြောင်းစုံချပြခဲ့သည့်အပေါ် အငြိုးဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုအရင်းဖြစ်သူ ကိုဇော်ဇော်အောင်က ပြောသည်။ 

“မုဒိမ်းမှုနဲ့ ရဲအလိုရှိနေသူက ကျွန်တော့်ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလာဖြစ်နေတယ်။ ဒါကို အသေးစိတ် စုံစမ်းဖော်ထုတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြခဲ့ပေမယ့် ထိထိရောက်ရောက် အရေးမယူခဲ့ကြလို့ ကျွန်တော်က မြန်မာနောင်းက သတင်းထောက်နှစ်ဦးနဲ့ ဆက်သွယ်ခဲ့တယ်။ ကျွန်တော်ရရှိထားတဲ့ သတင်းအချက်အလက်တွေကို မီဒီယာတွေထံ ပေးခဲ့တယ်။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးနဲ့ အဆက်အသွယ်ရရှိအောင်လည်း နောက်ကွယ်ကနေ ဆောင်ရွက်ပေးခဲ့တယ်။ ဒါကို သူတို့က ရိပ်မိထားတယ်။ ညီလေးကို ဓားနဲ့ ဝိုင်းခုတ်သတ်တဲ့အချိန်မှာလည်း ဒီကိစ္စကို သူတို့ထဲက တစ်ယောက်က အော်ပြောသွားပြီး နောက်အလှည့် သတ်ခံရမယ့်ကောင်က ဇော်ဇော်အောင်လို့ ကြိမ်းဝါးသွားတာ လမ်းထဲက လူတွေလည်း အကုန်ကြားခဲ့ပါတယ်”ဟု ကိုဇော်ဇော်အောင်က ရှင်းပြသည်။

တရားခံပြေးဖြစ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ရန်နိုင်စိုး (ခ) ကရင်မှာ ၂၀၁၃ ခုနှစ်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၀) ရပ်ကွက်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာပြီးနောက် ၂၀၁၇ ခုနှစ် ဇွန်လတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရကြောင်း၊ ရပ်ရေးရွာရေးကိစ္စများတွင် တက်တက်ကြွကြွပါဝင် ဆောင်ရွက်တတ်သူဖြစ်ပြီး ဆိုးသွမ်းသူများကို ဖမ်းဆီးရာတွင် လက်ရဲဇက်ရဲနိုင်လှသောကြောင့် ခပ်မိုက်မိုက်လူက အုပ်ချုပ်ရေးမှူးဖြစ်လာသည့်အတွက် ရပ်ကွက်ထဲတွင် လူဆိုးလူမိုက်များ အတော်နည်းပါးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“ကရင်နဲ့အမှုတွဲမှာပါတဲ့သူ တစ်ယောက်က ကျွန်တော်တို့ ရပ်ကွက်ထဲ မိန်းမခိုးလာတယ်။ ဒါပေမဲ့ သူက ဒီရပ်ကွက်မှာ ကရင်က အုပ်ချုပ်ရေးမှူးဖြစ်နေတာ မသိရှာဘူး။ နောက်တော့ ကရင်က အဲဒီကောင်လေးကို ဒီရပ်ကွက်ထဲမှာ မနေဖို့ ခြိမ်းခြောက်ပြောဆိုလာတာကြောင့် ကောင်လေးက ကျွန်တော့်ဆီလာတိုင်ပင်တယ်။ ကျွန်တော်က တောင်ဒဂုံ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှာ ပါဝင်သူပါ။ သူပြောတာ ဟုတ်မဟုတ် ကျွန်တော် လိုက်စုံစမ်းကြည့်တော့ ဖြစ်စဉ်က မှန်နေတယ်။ မုဒိမ်းမှုနဲ့ ရဲအလိုရှိနေသူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့အပေါ် မီဒီယာနဲ့ဆက်သွယ်ပြီး နောက်ကွယ်ကနေ ဖြစ်စဉ်အမှန်ကို အများပြည်သူသိရှိနိုင်အောင် အမှန်တရားအတိုင်း ဆောင်ရွက်ခဲ့တယ်။ အခု ကျွန်တော့်ညီ အသတ်ခံရတာလည်း ဒီဂယက်ကြောင့်ပါ။ ကိုကရင်ကို ဒုက္ခရောက်အောင်လုပ်တဲ့ ဇော်ဇော်အောင်ကိုပါ သတ်ပစ်မယ်လို့ ညက အော်ဟစ်ပြောဆို သွားတာလည်း ကျွန်တော်အပါအဝင် လမ်းထဲကလူတွေ အားလုံးကြားမိပါတယ်”ဟု ကိုဇော်ဇော်အောင်က ရှင်းပြသည်။

အသတ်ခံရသူ ကိုသက်ဝေထူးမှာ အခင်းဖြစ်ညက အရက်သေစာ သောက်စားထားပြီး ရာအိမ်မှူးဖြစ်သူ ဦးနိုင်ဝင်းကို သွားရောက် စိန်ခေါ်ခဲ့ကြောင်း ယင်းလမ်း နေသူများထံမှ သိရပြီး နေအိမ်သို့ပြန်သွားသည့် ကိုသက်ဝေထူး၏ နောက်သို့ ဦးနိုင်ဝင်းနှင့် ၎င်း၏ မိသားစုဝင်များက ဓားများကိုင်ဆောင်၍ လိုက်လာပြီး ဝိုင်းခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးက ပြောသည်။

“မောင်သက်ဝေထူးက မူးလာရင်ဆိုးတယ်။ ဘယ်လိုဆိုးလဲဆို ရုပ်တည်ကြီးနဲ့ လမ်းထဲက လူတွေကို လိုက်စနောက်တယ်။ စိန်ခေါ်တတ်တယ်။ ညကလည်း အရက်မူးပြီး ကိုနိုင်ဝင်းကို သွားစိန်ခေါ်တာ။ ဟိုကလည်း မူးနေတော့ ဒေါသဖြစ်ပြီး ဓားကိုင်ပြီး နောက်က လိုက်လာတာ။ ကိုနိုင်ဝင်းရော သူ့သားတွေရော ယောက်ဖနဲ့ တူတွေပါ ပါတယ်။ ဟဲ့ ဟဲ့ မလုပ်ကြပါနဲ့ တော်ကြပါတော့ အော်ပေမယ့် ဘယ်လိုမှ တားမရတော့ဘူး။ ဓားတွေနဲ့ ဝိုင်းခုတ်နေကြပြီ။ ဘယ်သူမှလည်း ဝင်မဆွဲရဲကြဘူး။ သူတို့အဖွဲ့က ထွက်ကြည့်နေတဲ့ လမ်းထဲက မိန်းမတွေပါ ခဲတွေနဲ့ ထုသွားသေးတယ်”ဟု အခြားအမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဖုန်းဘေလ်သွားဝယ်ပြီး နေအိမ်သို့ အရက်မူးပြန်လာသည့် ခင်ပွန်းသည် ကိုသက်ဝေထူး၏ နောက်တွင် ဓားကိုင်ထားသည့် လူတစ်စု လိုက်ပါလာသောကြောင့် ဇနီးဖြစ်သူ မသန္တာဝင်းက နေအိမ်တံခါးကိုပိတ်၍ ရာအိမ်မှူး ဦးနိုင်ဝင်းတို့ မိသားစုကို လှည့်ပြန်ကြပါရန် တောင်းပန်စကားဆိုခဲ့သည်။

“ဦးလေးတို့ရယ် လှည့်ပြန်သွားကြပါ။ ကျွန်မတောင်းပန်ပါတယ်လို့ ပြောပေမယ့် သူတို့က မပြန်ဘဲ အိမ်တံခါး သစ်ဘောင်ကြားထဲကနေ ဓားတွေနဲ့ လှမ်းထိုးတယ်။ ယောကျာ်းကိုလည်း နင်အပြင် မထွက်သွားနဲ့ ပြောတာကို သူက နားမထောင်ဘူး၊ အိမ်တံခါးဖွင့် အောက်ဆင်းသွားတော့ ဟိုလူတွေက ဓားတွေနဲ့ သူ့ကို ဝိုင်းခုတ်ကြတာ။ ကျွန်မလည်း ဘယ်လိုမှ ဝင်မဆွဲရဲဘူး။ ဒီအတိုင်း ကြည့်နေရရှာတာ”ဟု မသန္တာဝင်းက ပြောကြားသည်။

တစ်လမ်းတည်း အတူနေထိုင်သည့် ညီဖြစ်သူ သက်ဝေထူးကို ဓားဖြင့် ဝိုင်းခုတ်နေကြောင်း သိရသဖြင့် အစ်ကို ဖြစ်သူ ကိုဇော်ဇော်အောင်က အပြေးလာခဲ့သော်လည်း မင်းမဲ့စရိုက်ဆန်ဆန် လူနေရပ်ကွက် လမ်းမပေါ်တွင် ညီဖြစ်သူကို ဓားများဖြင့် ဝိုင်းခုတ်နေသည့်အဖွဲ့က ဇော်ဇော်အောင်ကိုပါ သတ်ပစ်မည်ဟု ကြိမ်းဝါးပြောဆိုနေသောကြောင့် အမှောင်ရိပ်ထဲကနေသာ ရပ်ကြည့်နေခဲ့ရပြီး ဦးနိုင်ဝင်းတို့ မိသားစု ပြန်သွားသည့် အချိန်မှသာ သွေးအိုင်ထဲလဲကျနေသည့် ညီဖြစ်သူကို အချိန်မီ ဆေးဝါးကုသနိုင်ရန်အတွက် ဆေးရုံသို့ တင်ပို့ပေးခဲ့သော်လည်း လမ်းတစ်ဝက်အရောက်တွင် သက်ဝေထူးမှာ သေဆုံးသွားခဲ့ကြောင်း ကိုဇော်ဇော်အောင်က ပြောကြားသည်။

အဆိုပါ လူသတ်မှုမှ ရာအိမ်မှူး ဦးနိုင်ဝင်း၊ ၎င်း၏ သားများဖြစ်သော သန်းနိုင်ဦးနှင့် နေလင်း၊ ရာအိမ်မှူးနှင့် ယောက်ဖတော်စပ်သူ ချစ်လှနှင့် ချစ်လှ၏ သားဖြစ်သူ အောင်စိုးတို့ကို အခင်းဖြစ် ညမှာပင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် (ပ) ၁၃၁၈/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော အောင်စိုး၏သားဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းမရှိကြောင်း ရတနာမေတ္တာလမ်းတွင် နေထိုင်သူများထံမှ သိရှိရပြီး ရဲတပ်ဖွဲ့က လက်ရှိအမှုကို စစ်ဆေးနေဆဲဖြစ်သောကြောင့် ဖမ်းဆီးအရေးယူခံရမည့် လူစာရင်းမှာ ထပ်မံတိုးလာနိုင်သလို လျော့နည်းမှုများလည်း ရှိလာနိုင်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။  




FOLLOW US