News

POST TAGGED AS

လူသတ်မှု

ဇာတ်ကြောင်းပြန်ပြောပြနိုင်ရန် ကျောင်းသားအချို့ကို မပစ်ဘဲထားခဲ့ဟု တက္ကဆက်စာသင်ကျောင်း သေနတ်သမားပြောကြား


တက္ကဆက်၊ မေ ၂၀

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် စန်တာဖီအထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် သေနတ်သမား အသက် ၁၇ နှစ်အရွယ်ကျောင်းသားက ရဲတပ်ဖွဲ့ကို ထွက်ဆိုရာတွင် ၎င်းသည် သူနှစ်သက်သည့် ကျောင်းသားများကို မပစ်ဘဲ ချန်လှပ်ထားခဲ့ကြောင်း၊ သို့မှသာ သူ၏ ဇာတ်လမ်းကို ပြန်ပြောပြမည့်သူများ ရှိနိုင်သည်ဟုဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အသက် ၁၇ နှစ်အရွယ် ကျောင်းသား ဒီမစ်ထရီယိုပက်ဂါတစ်ကို အမေရိကန် အာဏာပိုင်များက ယခုအခါ လူ ၁၀ ဦး အား သတ်ဖြတ်မှုဖြင့် အရေးယူထားသည်။ 

တက္ကဆက်တရားဥပဒေစိုးမိုးရေး အာဏာပိုင်များအဆိုအရ စန်တာဖီ အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် သေနတ်ကိုင်ဆောင်သူ ဒီမစ်ထရီယို ပက်ဂါတစ်သည် အဖမ်းမခံမီရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သေးသည်။ 

အပြန်အလှန်ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထို့နောက် ဒီမစ်ထရီယိုပက်ဂါတစ်က လက်မြှောက်အရှုံးပေခဲ့ခြင်းဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြသည်။ ဒီမစ်ထရီယိုပက်ဂါတစ်သည် သေနတ်ပစ်ခတ်မှုပြီးနောက် မိမိကိုယ်မိမိ အဆုံးစီရင်ရန် စီစဉ်ခဲ့သော်လည်း ထိတ်လန့်တုန်လှုပ်သောကြောင့် အဆုံးမစီရင်ဖြစ်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။ 

တက္ကဆက်ရဲအာဏာပိုင်များအဆိုအရ ဒီမစ်ထရီယိုပက်ဂါတစ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသားရှစ်ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၃ ဦး ဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရရှိသူများ အနက် အဆိုပါကျောင်း၏ ရဲအရာရှိတစ်ဦးမှာ ဒဏ်ရာဆိုးရွားပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ 

ခရိုင်တရားရုံးက ထုတ်ပြန်သော အခင်းဖြစ်စဉ်မှတ်တမ်းအရ သေနတ်သမား ဒီမစ်ထရီယိုပက်ဂါတစ်ကို အဆိုပါအထက် တန်းကျောင်းအတွင်း၌ ပင်ဖမ်းမိခဲ့သည်။ 

မျက်မြင်သက်သေ ကျောင်းသားများ အဆိုအရ ဒီမစ်ထရီယိုပက်ဂါတစ်သည် စာသင်ခန်းထဲသို့ ကုတ်အင်္ကျီအရှည် ဝတ်ဆင်လာခဲ့ပြီး သေနတ်နှစ်လက်ကိုင်ဆောင်လာကြောင်းသိရသည်။ ဘရီနာကင်တာလီယာဟုအမည်ရသည့် ကျောင်းသားတစ်ဦး အဆိုအရ ဒီမစ်ထရီယိုပက်ဂါတစ်က အခန်းထဲသို့ဝင်လာပြီး တစ်စုံတစ်ယောက်ကို လက်ညှိုးထိုးကာ “ငါမင်းကို သတ်ပစ်မယ်”ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း၊ ထိုတစ်ယောက်သည် ထွက်ပြေးတိမ်းရှောင်လိုက်၍ ခြေထောက်တွင်သာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 

အခြားဥပဒေအရာရှိများအဆိုအရ ဒီမစ်ထရီယိုပက်ဂါတစ် စွဲချက်တင်ခံထားရသော ဥပဒေပုဒ်မများအနက် ပုဒ်မတစ်ခုအရ ၎င်းအနေနှင့် သေဒဏ်ပေးခံရဖွယ်ရှိသည်။ ရှေ့နေတစ်ဦးကမူ ဒီမစ်ထရီယို ပက်ဂါတစ်သည် အဆိုပါပစ်ခတ်မှုကို သွေးအေးအေးဖြင့်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ 

ဒီမစ်ထရီယိုပက်ဂါတစ်၏ မိသားစုဝင်များကမူ အဆိုပါဖြစ်ရပ်ကြောင့် ၎င်းတို့အနေနှင့် လွန်စွာဝမ်းနည်းပူဆွေးရကြောင်း ဖော်ပြပြီး စုံစမ်းစစ်ဆေးရေးအာဏာပိုင်များနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

F-01



FOLLOW US